တရားမဝင် အရက်ဘီယာ တင်သွင်းချက်လုပ် ရောင်းချမှုထိန်းချုပ်ရေး စီမံချက်ကို ဧပြီလအတွင်း ရေးဆွဲခဲ့ပြီး စီမံချက်ပါ လုပ်ငန်းအတိုင်း အရေးယူ ဆောင်ရွက်မည်ဟု ပြည်ထဲရေး ဒုတိယဝန်ကြီး လွှတ်တော်၌ ဖြေကြား

တရားမဝင် အရက်ဘီယာ တင်သွင်းချက်လုပ် ရောင်းချမှုထိန်းချုပ်ရေး စီမံချက်ကို ဧပြီလအတွင်း ရေးဆွဲခဲ့ပြီး စီမံချက်ပါ လုပ်ငန်းအတိုင်း အရေးယူ ဆောင်ရွက်မည်ဟု ပြည်ထဲရေး ဒုတိယဝန်ကြီး လွှတ်တော်၌ ဖြေကြား
Published 7 June 2018

တရားမဝင် အရက်ဘီယာ တင်သွင်းချက်လုပ် ရောင်းချမှုထိန်းချုပ်ရေး စီမံချက်ကို ဧပြီလအတွင်းက ရေးဆွဲခဲ့ပြီး စီမံချက်ပါ လုပ်ငန်းအတိုင်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ပြောကြားသည်။

ဇွန် ၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ ဒေါက်တာ မောင်မောင်က နိုင်ငံတော်အဝန်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများထဲရှိ လိုင်စင်မဲ့ အရက်ပုန်းဆိုင်များကို ယစ်မျိုးဥပဒေအရ အရေးယူပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့သည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်မောင်က “ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ လူငယ်အများအပြားဟာ အရွယ်မရောက်သေးမီ ၁၈ နှစ်မတိုင်ခင်က အစပြုပြီး အရက်သေစာများကို သောက်သုံးမှီဝဲ စွဲလမ်းနေကြပါတယ်။ စောစီးစွာ အရက်သောက်တတ်တဲ့ အကျင့်ရသွားတဲ့အကြောင်းမှာ ရပ်ကွက်ထဲ နေရာအနှံ့ လက်တစ်ကမ်းအကွာ အရက်ရောင်းချသူများ ပြည့်နှံ့နေပါတယ်။ ကုန်စုံဆိုင်၊ ကွမ်းယာဆိုင် အစရှိတဲ့ဆိုင်များတွင် မသိမသာတစ်မျိုး၊ သိသာစွာတစ်မျိုး ရောင်းချနေကြပါတယ်။ ကျေးရွာများတွင်လည်း လမ်းမကြီး ဘေးဝဲယာ တစ်လျှောက်မှာ အရက်ဘီယာဆိုင်များနှင့် စည်ကားနေတာ တွေ့ရပါတယ်။ လွယ်ကူစွာရရှိတဲ့ အရက်သေစာများကို အတိုင်းအဆမရှိ သောက်သုံးနေကြခြင်းဖြင့် တန်ဖိုးရှိတဲ့အချိန်ကို ကုန်ဆုံးစေပါတယ်။ ကျန်းမာရေး ထိခိုက်ပါတယ်။ အရွယ်မတိုင်ခင် သေဆုံးကြပါတယ်။ ဒီလို အခြေအနေ လျော့နည်းသွားစေရန်အတွက် လိုင်စင်မဲ့ အရက်ပုန်းဆိုင်များကို အရေးယူပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းရခြင်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။

လိုင်စင်မဲ့အရက်များ ရောင်းချမှုများ အရေးယူရာတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီအထိ ၁၄၂၁၉ မှု၊ တရားခံ ကျား ၁၈၁၁၆ ဦး၊ မ ၃၄၆၉ဦး စုစုပေါင်း ၁၄၂၈၅ ဦး ဖမ်းဆီး အရေးယူခဲ့ကြောင်း၊ လိုင်စင်စည်းကမ်းနှင့် မညီဘဲ အရက်ရောင်းချသူများကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ် မှ၂၀၁၈ ခုနှစ် ဧပြီအထိ ၃၉၅၉ မှု တရားခံ ကျား ၃၀၀၇ ဦး၊ မ ၉၇၈ ဦး စုစုပေါင်း ၃၉၈၅ ဦး အရေးယူခဲ့ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

“တရားမဝင် အရက်များ တင်သွင်းရောင်းချမှု ထိန်းချုပ်ခြင်း၊ နိုင်ငံသားများ စာရိတ္တမဏ္ဍိုင်နဲ့ ကျန်းမာကြံ့ခိုင်ရန် ရည်ရွယ်၍ ၁၀.၄.၂၀၁၈ တွင် တရားမဝင် အရက်ဘီယာ တင်သွင်းချက်လုပ် ရောင်းချမှု ထိန်းချုပ်ရေးစီမံချက် ရေးဆွဲခဲ့ပြီး ၁.၆.၂၀၁၈ ရက်မှစ၍ စီမံချက်ပါ လုပ်ငန်းအတိုင်း အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် လိုင်စင်မဲ့ အရက်ပုန်းဆိုင်များနှင့် တရားမဝင် ယစ်မျိုးလုပ်ငန်းများကို အရေးယူမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်”ဟု အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

ထို့ပြင် ယစ်မျိုးမူဝါဒနှင့်အညီ တစ်နှစ်ထက် တစ်နှစ် လျှော့ချလျက် ရှိရာတွင် ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် လိုင်စင် အရေအတွက် ၄၁၂၃၃ ခွင့်ပြုခဲ့ရာမှ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် လိုင်စင် အရေအတွက် ၄၁၁၄၀ သာ ခွင့်ပြု၍ လိုင်စင် ၁၅၃ ခု လျော့ချခွံင့်ပြုခဲ့ကြောင်း၊ တရားမဝင် လိုင်စင်မဲ့ အရက်ဆိုင်နှင့် ထန်းရည်ဆိုင်များအား ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၏ ပြောကြားချက်အရ သိရသည်။

“ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဟာ ၁၉၁၇ ခုနှစ် မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေ ၁၉၂၈ မြန်မာနိုင်ငံ ယစ်မျိုးနည်းဥပဒေများ၊ ၁၉၂၉ ခုနှစ် မြန်မာ ယစ်မျိုးအမိန့် ဆင့်ဆိုချက်များနှင့် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေများကို ကျင့်သုံးလျက် ယစ်မျိုးလိုင်စင်များ ခွင့်ပြုခြင်း၊ စည်းကမ်းပျက် လိုင်စင်များ ပိတ်သိမ်းခြင်း၊ ပြည်တွင်းအခွန်များ ကောက်ခံခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။ ယစ်မျိုး စီမံခန့်ခွဲခြင်း လုပ်ငန်းနှင့်ယစ်မျိုးလိုင်စင် ချထားခြင်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ ယစ်မျိုးဥပဒေ သုံးရပ်၊ ယစ်မျိုး အခြေခံလေးရပ်နဲ့အညီ ဆောင်ရွက်လျက် ရှိပါတယ်။ ထို့ပြင် ယစ်မျိုးလိုင်စင် ရယူခြင်းမရှိဘဲ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လိုင်စင်ခွင့်ပြုချက်ထက် ကျော်လွန် ဆောင်ရွက်နေခြင်းများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်စေရေးအတွက် စုံစမ်း ဖမ်းဆီးခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

ထို့အတူ ၁၉၁၇ ခုနှစ် ယစ်မျိုးအက် ဥပဒေပါ တရားမဝင် ယစ်မျိုးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သယ်ယူခြင်းတို့နှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသော ပြစ်ဒဏ်နှင့် ဒဏ်ငွေများကိုလည်း ထိရောက် ဟန့်တားသော ပြစ်ဒဏ်ဖြစ်စေရန်အတွက် ခေတ်ကာလနှင့် လျော်ညီသော ဒဏ်ငွေချမှတ်နိုင်ရန်အတွက် ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်က တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

Most Read

Most Recent