မြန်မာနှင့် ကုလသမဂ္ဂတို့၏ နားလည်မှုစာချွန်လွှာသည် ဘင်္ဂါလီမွတ်စလင်များ ပြန်လည်လက်ခံရေးကို အဆင်ပြေစေလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ပြောကြား

မြန်မာနှင့် ကုလသမဂ္ဂတို့၏ နားလည်မှုစာချွန်လွှာသည် ဘင်္ဂါလီမွတ်စလင်များ ပြန်လည်လက်ခံရေးကို အဆင်ပြေစေလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ပြောကြား
Published 3 June 2018

ဒုက္ခသည်များ သက်သာချောင်ချိရေး နှင့် ပြန်လည်လက်ခံရေးဆိုင်ရာ ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီး မိုဟာမက်အဘူကာလမ်က မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီတို့အကြား ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များကို ပြန်လည်လက်ခံရေး နှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့မှုကို ဇွန် ၁ ရက်က ကြိုဆိုလိုက်ပြီး ယင်းသည် လုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့စေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေ ၃၁ ရက်တွင် မြန်မာအစိုးရ၊ ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) တို့က ၎င်းတို့သည် ဒုက္ခသည်များ မိမိသဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိဖြင့် အဆက်မပြတ် ပြန်လာနိုင်ရေးအတွက် အခြေအနေရပ်များ ဖန်တီးရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ဒါက အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးမှုတစ်ရပ်လို့ ကျွန်တော်တို့ထင်တယ်”ဟု မိုဟာမက် အဘူကာလမ်က Benar News သတင်းဌာနသို့ ပြောကြားခဲ့သည်။

“UNHCR၊ UNDP တို့နဲ့ နားလည်မှု စာချွန်လွှာက ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ချောမွေ့ရေးအတွက် အထောက်အကူ ပြုပါလိမ့်မယ်။ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် အချိုးညီညီ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းတစ်ရပ်အတွင်းမှာ ကျွန်တော်တို့ လုပ်ကိုင်နိုင်ပါတယ်” ဟုလည်း ကာလမ်က ပြောကြားခဲ့သည်။

သို့သော် ကာလမ်က ယင်းကိစ္စနှင့်ပတ်သက်၍ နောက်ထပ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် နားလည်မှု စာချွန်လွှာ၏ အသေးစိတ်အချက်အလက်များကို ကြည့်ရှုရခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။

ဧပြီလအတွင်းက ဘင်္ဂလားဒေ့ရှ်နှင့် UNHCR တို့သည် နိုင်ငံမဲ့ ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များ မိမိသဘောဆန္ဒအလျောက် ပြန်လာရေးနှင့်ပတ်သက်၍ သီးခြားနားလည်မှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ယင်းမတိုင်မီ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံတို့သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားခဲ့သည့် ဒုက္ခသည်များကို ပြန်လည်လက်ခံရေး၌ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်တစ်ရပ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက လက်မှတ်ရေးထိုးခဲ့သည်။

ကုလသမဂ္ဂ အေဂျင်စီနှစ်ခုနှင့် မြန်မာအစိုးရတို့၏ နားလည်မှုစာချွန်လွှာရေးဆွဲမှုကို လာမည့်သီတင်းပတ်အတွင်း အပြီးသတ်မည်ဟု UNHCR က ပြောကြားခဲ့သည်။

ယခုနောက်ဆုံး နားလည်မှုစာချွန်လွှာသည် ဒုက္ခသည်များ မိမိတို့သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရေးအတွက် သင့်လျော်သည့် အခြေအနေရပ်များ ဖန်တီးရန် လိုအပ်သည့် ပထမအဆင့်ဖြစ်ကြောင်း ကုလသမဂ္ဂအရာရှိများက ပြောကြားခဲ့သည်။

“ဒီသဘောတူညီချက်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ခွင့်ပြုခြင်းမရှိခဲ့တဲ့ ဒုက္ခသည်တွေရဲ့ မူရင်းနေရာတွေနဲ့ ပြန်လာဖို့ဖြစ်နိုင်တဲ့ နေရာတွေအပါအဝင် ရခိုင်ပြည်နယ်ကို ဝင်ရောက်ဖို့ UNHCR နဲ့ UNDP ကို ခွင့်ပြုပေးတဲ့ မူဘောင်တစ်ရပ်ကိုလည်း ပေးပါတယ်” ဟု မေ ၃၁ ရက်က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် UNHCR က ပြောကြားထားသည်။

ယင်းကဲ့သို့ ဝင်ရောက်ခွင့် စတင်သက်ဝင်သည်နှင့် UNHCR သည် မြေပြင်အခြေအနေရပ်များကို လေ့လာသုံးသပ်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်ချက်များကို ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ယင်းသည် UNHCR အနေဖြင့် ဒုက္ခသည်များအား ၎င်းတို့၏ မူရင်းနေရာများရှိ အခြေအနေရပ်များအကြောင်း လွတ်လပ်သည့် အချက်အလက်များပေးကာ ၎င်းတို့အား ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် မှန်ကန်သော အခြေအနေရပ်များ ဟုတ် မဟုတ် ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူပြုစေလိမ့်မည်ဖြစ်ကြောင်း UNHCR က ပြောကြားခဲ့သည်။

 

 

Most Read

Most Recent