လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် JICA ၊ World Bank ၊ ADB စသည်တို့မှ ချေးငွေ ၁၄ ခု ရယူ ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ပြောကြား

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် JICA ၊ World Bank ၊ ADB စသည်တို့မှ ချေးငွေ ၁၄ ခု ရယူ ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ပြောကြား
Published 1 June 2018

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် JICA ၊ World Bank ၊ ADB စသည်တို့မှ ချေးငွေ ၁၄ ခု ရယူကာ ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

မေ ၃၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ရယူထားသည့် ပြည်ပချေးငွေများနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာန အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ချေးငွေ ၁၄ ခုတွင် JICA ချေးငွေ ခုနစ်ခု ဂျပန်ယန်း ၁၀၈ ဒသမ ၈၅၀ ဘီလျံ၊ World Bank ချေးငွေ နှစ်ခု အမေရိကန်ဒေါ်လာ ၄၅၀ သန်း၊ ADB ချေးငွေ နှစ်ခု အမေရိကန်ဒေါ်လာ သန်း ၁၄၀၊ China Development Bank ချေးငွေ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၀၈ သန်း၊ Exam Bank of Korea ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၊ ဂျာမနီချေးငွေ ယူရို ၂၃ ဒသမ ၈၈၃ သန်းတို့ ပါဝင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုပါ ချေးငွေများတွင် JICA ချေးငွေ ခုနစ်ခုအနက် ရန်ကုန်မြို့ရှိ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြုပြင်ခြင်း၊ သာကေတ ဓာတ်အားပေးစက်ရုံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို Marubeni Co, Ltd နှင့် Pre-Engineering လုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီ ဖြစ်သည့်အပြင် 230 KV ခွဲရုံ လေးရုံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အမျိုးသား လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကွန်ရက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အဆင့် (၁)အား JICA ချေးငွေဖြင့် ဆောင်ရွက်မည့် 500 KV မိတ္ထီလာခွဲရုံနှင့် တောင်ငူခွဲရုံ ဓာတ်အားလိုင်း စီမံကိန်းအတွက် ချေးငွေပမာဏ ဂျပန်ယန်း ၂၄ ဒသမ ၆၇၈ ဘီလျံမှ ၂၀၁၈ ခုနှစ် ဧပြီ ၃၀ ရက်အထိ ဂျပန်ယန်း ၀ ဒသမ ၄၀၃ ဘီလျံသာ ထုတ်ယူထားပြီး Consultant လုပ်ငန်းများအတွက် စာချုပ်ချုပ်ဆိုခဲ့ကာ လုပ်ငန်းတင်ဒါများကိုလည်း နိုင်ငံပိုင် သတင်းစာများက ခေါ်ယူကာ ဆောင်ရွက်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့အတူ အဆင့် (၂) ဖြစ်သည့် 500 KV ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်း၊ 500 KV ဘုရားကြီးခွဲရုံနှင့် လှိုင်သာယာခွဲရုံအတွက် ဂျပန်ယန်း ၄၁ ဒသမ ၁၁၅ မှ ဂျပန်ယန်း ၀ ဒသမ ၀၄၆ ဘီလျံသာ ထုတ်ယူထားကြောင်း၊ ကျန်စီမံကိန်း လေးခုအတွက် ချေးငွေများ ထုတ်ယူထားခြင်း မရှိသေးကြောင်း၊ Consultant တင်ဒါများ စိစစ်နေပြီး လုပ်ငန်းတင်ဒါများ ခေါ်ယူရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

China Development Bank ချေးငွေဖြင့် ဆောင်ရွက်နေသည့် 230 KV အသုတ်-ပုသိမ် ဓာတ်အားလိုင်း (၃၀ ဒသမ ၂၅ မိုင်)၊ ဓာတ်အားခွဲရုံ နှစ်ရုံမှာ ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၀၈ သန်းအနက် ထုတ်ယူသုံးစွဲမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၃၉ သန်း ရှိကြောင်း၊ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဓာတ်အား ပို့လွှတ်နိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှစ၍ ချေးငွေများကို စေ့ရက် ရောက်သည့်အတိုင်း ပြန်လည်ပေးဆပ်လျက် ရှိကြောင်း၊ ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သထုံ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ချေးငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ရရှိခဲ့ကြောင်း၊၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၇၄၁ သန်း ထုတ်ယူ သုံးစွဲခဲ့ပြီးဖြစ်ကာ ၂၀၁၈ ခုနှစ် ဇွန်လအတွင်း ဆောင်ရွက်ပြီးစီးမည် ဖြစ်ကြောင်း ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေဖြင့် ဆောင်ရွက်မည့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများ ဓာတ်အား ဖြန့်ဖြူးမှု တိုးတက်ရေး စီမံကိန်းအတွက် ချေးငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀ ရရှိခဲ့သည့်အနက် ၃၈ ဒသမ ၅၈၆ သန်း ထုတ်ယူ သုံးစွဲခဲ့ပြီးဖြစ်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးမြို့ကြီးများတွင် 66 KV ၊ 33 KV ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်း၊ သစ်သားတိုင်များအား ကွန်ကရစ်တိုင်များဖြင့် အစားထိုး လဲလှယ်ခြင်း၊ ACSR ကြိုးလဲလှယ်ခြင်း၊ ABC ကြိုးလဲခြင်း၊ Switch Bay လဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ Exam Bank of Korea ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် 500 KV တောင်ငူ - ကမာနက် (ဘုရားကြီး) ဓာတ်အားလိုင်း ၁၁၇ မိုင် တည်ဆောက်ခြင်း စီမံကိန်းအတွက် ချေးငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ မှ ၀ ဒသမ ၅၉၄ သန်း ထုတ်ယူသုံးစွဲခဲ့ကာ Consultant လုပ်ငန်းများအတွက် ပြည်ပကုမ္ပဏီ သုံးခုနှင့် စာချုပ်ချုပ်ဆို၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူပြီး ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဂျာမနီချေးငွေဖြင့် ဆောင်ရွက်မည့် ရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်အတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်အတွက် ချေးငွေယူရို၂၃ ဒသမ ၈၈၃ သန်းကို စာချုပ် ချုပ်ဆိုထားသော်လည်း ထုတ်ယူသုံးစွဲခြင်း မရှိသေးကြောင်း၊ လျှပ်စစ်ကဏ္ဍ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ချေးငွေ စီမံကိန်း ၁၄ ခု၊ အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ချေးငွေရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း နှစ်ခု၊ ယင်းစီမံကိန်း ၁၆ ခုအား ချေးငွေစာချုပ်ပါ စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent