NLD ပါတီ စီးပွားရေးကော်မတီဝင် ဦးစိုးဝင်းအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော် သဘောတူ

NLD ပါတီ စီးပွားရေးကော်မတီဝင် ဦးစိုးဝင်းအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော် သဘောတူ
Published 1 June 2018

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် NLD ပါတီ စီးပွားရေးကော်မတီဝင် ဦးစိုးဝင်းအား ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော် သဘောတူခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လစ်လပ်လျက်ရှိသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် ဦးစိုးဝင်းအား အစားထိုး ခန့်အပ်တာ ဝန်ပေးလိုခြင်းနှင့် စပ်လျဉ်းပြီး ကန့်ကွက်သူ မရှိသောကြောင့် နေပြည်တော်၌ မေ ၃၁ ရက် က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဆဋ္ဌမနေ့တွင် သဘောတူကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ဦးစိုးဝင်းသည် ၁၉၃၈ ခုနှစ်တွင် မော်လမြိုင်မြို့၌ မွေးဖွားခဲ့ပြီး အသက်အရွယ်အားဖြင့် ၈၀ နှစ်ရှိပြီ ဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးကော်မတီဝင် တစ်ဦးလည်း ဖြစ်သည်။

လက်ရှိတွင် Deloitte Touche Myanmar Vigour Advisory Limited တွင် လုပ်ကိုင်လျက်ရှိပြီး ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေး ဒီပလိုမာ (BA, BI, DMA) တို့ကို ရရှိထားသူ ဖြစ်ကာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မစိုးရိမ်ကျောင်းလမ်းတွင် နေထိုင်လျက်ရှိပြီး သားလေးဦး ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းခံထားရသည့် ဦးစိုးဝင်းသည် မြန်မာ့စီးပွားရေးဘဏ်တွင် ဒုတိယ မန်နေဂျာအဖြစ် ၁၉၆၁ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံတကာကုန်သွယ်မှုဘဏ် (MFTB) တွင်လည်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတကာ အကြံပေးကုမ္ပဏီ Deloitte Touche ၏ မြန်မာနိုင်ငံဆိုင်ရာ အစုစပ်ပိုင်ရှင်အဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့ပြီး ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးဖြစ်ကာ နိုင်ငံတကာနှင့် ပြည်တွင်း အကြံပေးပညာရှင်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အနေဖြင့် ၎င်း၏ သဘောဆန္ဒအလျောက် မေ ၂၅ ရက်တွင် ရာထူးမှ နုတ်ထွက်သွားသောကြောင့် ဦးစိုးဝင်းအား ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာခြင်း ဖြစ်သည်။

ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သည့် ဦးကျော်ဝင်းသည် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တိုင်ကြားခံခဲ့ရပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ နိုင်ငံတော်သမ္မတထံ အစီရင်ခံစာ တင်သွင်းထားချိန်တွင် ၎င်း၏ သဘောဆန္ဒအလျောက် တာဝန်မှ နုတ်ထွက်သွားခြင်း ဖြစ်သည်။

ဦးကျော်ဝင်းနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ပြီး လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ထားသည့် ကိစ္စမှတစ်ပါး ကော်မရှင်၏ ဆုံးဖြတ်ချက်များကို သင့်လျော်သည့်အချိန်တွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း မေ ၂၇ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

 

Most Read

Most Recent