ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် KIA ထောင်ထားသည့်မိုင်း နင်းမိ၍ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိဟု တပ်မတော် ထုတ်ပြန်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် KIA ထောင်ထားသည့်မိုင်း နင်းမိ၍ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိဟု တပ်မတော် ထုတ်ပြန်
Published 1 June 2018

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင် မေ ၂၆ ရက် မွန်းလွဲပိုင်းက ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIA) ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲ၍ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မေ ၃၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ ဆားမှော်ကျေးရွာနေ မောင်စိုင်းအောင်နှင့် မောင်နိုင်နိုင် တို့သည် ငါးရှာရန် ထွက်ခွာလာစဉ် ကျေးရွာ၏ တောင်ဘက် ရှစ်မိုင်ခန့်အကွာ ဒေသအခေါ် ဘန်ဂျယ်ချောင်းသို့ အရောက်တွင် KIA ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား မောင်နိုင်နိုင်က နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းသည် အဆိုပါနေရာတွင်ပင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး မောင်စိုင်းအောင်မှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် မိုးကောင်းပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေ ၂၉ ရက်က သီပေါမြို့နယ် ရေပူကျေးရွာရှိ နေအိမ်နှစ်လုံးအား သတင်းအရ ဝင်ရောက်ရှာဖွေရာ SSPP/SSA ၏ အခွန် (မူရင်းတွင် ဆက်ကြေးဟု သုံးနှုန်း) တာဝန်ခံနှစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးနှင့်အတူ တူမီးသေနတ်နှစ်လက်၊ ပွိုင့် - ၅ ကျည်ထိပ်ဖူး ခြောက်တောင့်၊ WY စိတ်ကြွဆေးပြားများနှင့် ငွေကြေးကောက်ခံသော စာရွက်စာတမ်းများကိုလည်း တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent