မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးမှုသည် တပ်မတော်ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် မတ်တတ်ရပ်ကန့်ကွက်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးမှုသည် တပ်မတော်ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် မတ်တတ်ရပ်ကန့်ကွက်
Published 25 May 2018

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် ပတ်သက်၍ မန်တုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုး၏ ဆွေးနွေးချက်သည် တပ်မတော်ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် မှတ်တမ်းမှပယ်ဖျက်ပေးရန် တပ်မတော်သားကိုယ်စားလှယ်က ပြည်ထောင်စုလွှတ်တော်တွင် မတ်တတ်ရပ် ကန့်ကွက်ခဲ့သည်။

နေပြည်တော်၌ မေ ၂၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ မန်တုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုး၏ ဆွေးနွေးချက်သည် တပ်မတော်ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း တပ်မတော်သား ကိုယ်စားလှယ်က မတ်တတ်ရပ်ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“အစီရင်ခံစာ၏ စာမျက်နှာ ၇၀ အပိုဒ် ၄ မှာပါရှိတဲ့အတိုင်း ကျွန်မရဲ့မဲဆန္ဒနယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားအချို့က အပြစ်မဲ့ ဒေသခံတိုင်းရင်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်မကိုယ်တိုင် တိုင်ကြားခဲ့ပါတယ်။ အစီရင်ခံစာမှာ ပါရှိတဲ့အတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနက စစ်ခုံရုံးများဖွဲ့စည်းပြီး စစ်ဆေးခဲ့ပါတယ်။ သို့သော် စစ်ခုံရုံးဖွဲ့စစ်ဆေးပြီး ယခုထိ ရှစ်လကြာမြင့်ခဲ့သော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုက်တန်တဲ့ပြစ်ဒဏ် တစ်စုံတစ်ရာပေးပြီး အရေးယူခြင်း ရှိ မရှိကို ကျွန်မထံ အကြောင်းပြန်ကြားလာခြင်း လုံးဝမရှိသေးပါ။ ဒါကြောင့် အကြံပြုလိုတာက ဒီလိုကိစ္စရပ်တွေ ဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အမှန်တကယ် ပြီးပြတ်ခြင်းရှိမရှိကို စိစစ်ပေးစေလိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

ဒေါ်နန်းမိုး၏ ဆွေးနွေးမှုအပြီးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုပါဆွေးနွေးမှုကို မှတ်တမ်းမှ ပယ်ဖျက်ပေးရန် မတ်တတ်ရပ် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“အဖွဲ့အစည်းတစ်ခုကို ခြေခြေမြစ်မြစ်မရှိဘဲ ခိုင်ခိုင်မာမာမရှိဘဲ နစ်နာမှုရှိအောင် ဆွေးနွေးတဲ့အချက်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ ၁၉ အရ ကျွန်တော်ကန့်ကွက်တာ ဖြစ်ပါတယ်။ ဂဃနဏမသိဘဲ တပ်မတော်ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်” ဟု မတ်တတ်ရပ်ကန့်ကွက်သူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက “တပ်မတော်သားက ကန့်ကွက်တဲ့အတွက် ဒေါ်နန်းမိုး ဆွေးနွေးသွားတဲ့အထဲမှာ ဘာမှမသိရဘူးလို့ ဆွေးနွေးသွားတယ်။ ဒါပေမဲ့ ဒီမှာစာမျက် ၇၀၊ အပိုဒ် ၄ မှာ ပြုမှုဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ကော်မရှင်မှ ကာကွယ်ရေးဝန်ကြီးဌာနသို့ ၂၉ ရက် ၈ လ ၂၀၁၇ ခုနှစ်ရက်စွဲဖြင့် မေးမြန်းခဲ့ရာ ဝန်ကြီးဌာနမှ တိုင်းတန်းချက်အပေါ် စိစစ်မှုများပြုလုပ်ပြီး အဓိကကျူးလွန်သူ ဒုတိယတပ်ကြပ်တစ်ဦးအား စစ်စည်းကမ်းအရ အရေးယူခြင်းနှင့် တာဝန်ရှိသူဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိကြီးတစ်ဦးအား အပြစ်ဖော်ပြ သတိပေးဆုံးမခြင်းများ ပြုလုပ်သွားမည်ဟု ၂၉ ရက် ၁၁ လ ၂၀၁၇ ခုနှစ် ရက်စွဲဖြင့် ပြန်ကြားလာခဲ့ပါသည်လို့ သူတို့ဖြေရှင်းထားတာ ရှိပါတယ်။ ဒါကြောင့် ပယ်ဖျက်ပေးပါမယ်” ဟုပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ၏ စာမျက်နှာ ၇၀၊ အပိုဒ် ၄ တွင် ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်၊ တအောင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၀ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုင်းအုဏ်းခိုင်က မန်တုံမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများမှ ဒေသခံတိုင်းရင်းသားများအပေါ် ပြုမှုဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ကော်မရှင်မှ ကာကွယ်ရေးဝန်ကြီးဌာနသို့ ၂၀၁၇ ခုနှစ် သြဂုတ် ၂၉ ရက်စွဲဖြင့် မေးမြန်းခဲ့ရာ ဝန်ကြီးဌာနမှ တိုင်းတန်းချက်အပေါ် စိစစ်မှုများပြုလုပ်ပြီး အဓိကကျူးလွန်သူ ဒုတိယတပ်ကြပ်တစ်ဦးအား စစ်စည်းကမ်းအရ အရေးယူခြင်းနှင့် တာဝန်ရှိသူ ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိကြီးတစ်ဦးအား အပြစ်ဖော်ပြ သတိပေးဆုံးမခြင်းများ ပြုလုပ်သွားမည်ဟု ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၉ ရက် ရက်စွဲဖြင့် ပြန်ကြားလာခဲ့ပါသည်ဟု ဖော်ပြပါရှိသည်။

“အစီရင်ခံစာမှာ ပါပြီးသား။ စာမျက်နှာ ၇၀ အမှတ်စဉ် ၄ မှာ ရှင်းထားပြီးသား။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉ အရအလည်း ဒီအစီရင်ခံစာမှာပါတဲ့ဟာနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ဟာကိုပဲ ဆွေးနွေးတာ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့ကိစ္စကိုပဲ ကိုယ်စားလှယ်ဆီကို တိုက်ရိုက်မပြန်လို့ ဘာညာဆိုတာ အဲဒါကိုလက်မခံတာပါ။ ဘာပဲပြောပြော အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာ တကယ်လုပ်ထားတဲ့ဟာကိုလည်း မလုပ်သလို ထင်ယောင်ထင်မှား ဖြစ်စေမှာစိုးလို့ ကန့်ကွက်တာပါ” ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက မီဒီယာများကို ပြောကြားသည်။

 

Most Read

Most Recent