မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် ဇွန်လတွင် ပထမဆုံးခရီးစဉ် လာရောက်မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် ဇွန်လတွင် ပထမဆုံးခရီးစဉ် လာရောက်မည်
Published 25 May 2018

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် ခရစ်စတင်းရှရန်နာဘာဂျီနာသည် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည် အကျပ်အတည်းဆိုင်ရာ ဆွေးနွေးပွဲများအတွက် လာမည့်လတွင် နေပြည်တော်သို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းအရစ်အမြစ်များက မေ ၂၃ တွင် ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး ဖြစ်ခဲ့ဖူးသော ရှရန်နာဘာဂျီနာသည် ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံသို့ သွားခဲ့ပြီးနောက် အထူးကိုယ်စားလှယ်က ဇွန်လတွင် ပထမအကြိမ် အစည်းအဝေးများကို ကျင်းပရန် လာရောက်မည်ဖြစ်သည်။

ရှရန်နာဘာဂျီနာသည် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၀၉ ခုနှစ် မှ ၂၀၁၅ ခုနှစ်ထိ ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသော အချက်အလက်ရှာဖွေရေးမစ်ရှင်ကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ငြင်းဆိုထားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ရန်ဟီးလီကိုလည်း တားမြစ်ပိတ်ပင်ထားသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့်ပတ်သက်၍ ရက်အတိအကျကို ကုလသမဂ္ဂ သတင်းအရင်းအမြစ်က မပြောကြားခဲ့သော်လည်း ခရီးစဉ်ကို မြန်မာအစိုးရက သဘောတူထားကြောင်း ပြောကြားသည်။

ရှရန်နာဘာဂျီနာသည် ဘင်္ဂါလီမွတ်စလင် အကျပ်အတည်းကို ဆွေးနွေးရန်အတွက် အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် နှင့် မေ ၂၂ ရက်က တွေ့ဆုံခဲ့သည်။

အသက် ၅၄ နှစ်အရွယ် ဘာဂျီနာ၏ ခင်ပွန်းသည်လည်း သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ဘာဂျီနာ၏ ၂၅ နှစ်တာ သံတမန်ရေးရာ အတွေ့အကြုံများက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် တာဝန်အတွက် သင့်တော်မှုရှိသူဖြစ်စေကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် စတက်ဖနီဒူဂျာရစ်က ပြောကြားထားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ခရစ်စတင်းရှရန်နာ ဘာဂျီနာကို ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဧပြီလအတွင်းက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား ရခိုင်ပြည်နယ်၌ ပြုလုပ်သည့် စစ်ဆင်ရေးကို အဆုံးသတ်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်တစ်ရပ်၌ အထူးသံတမန်တစ်ဦး ခန့်ထားရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာကပြုလုပ်ခဲ့သည့် အထွေထွေညီလာခံက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အား တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က မေလဆန်းတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့်ခရီးစဉ်အပြီး၌ ဘင်္ဂါလီတို့ကို ဖိနှိပ်မှုစွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံက မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးပေးရမည်ဟု တောင်းဆိုခဲ့သည်။

Most Read

Most Recent