ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိ မဲဆန္ဒရှင် စာရင်းများကို ဇွန်လကုန် သို့မဟုတ် ဇူလိုင်လ ပထမပတ်တွင် ကြေညာရန်လျာထား

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိ မဲဆန္ဒရှင် စာရင်းများကို ဇွန်လကုန် သို့မဟုတ် ဇူလိုင်လ ပထမပတ်တွင် ကြေညာရန်လျာထား
Published 22 May 2018

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ လမ်းမတော်မြို့နယ် အမှတ်(၆)ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးရှေ့တွင် ကြေညာထားသည့် မဲစာရင်းကို လာရောက် ကြည့်ရှုနေသူများအား တွေ့ရစဉ်

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိ မဲစာရင်းများကို ဇွန်လကုန် သို့မဟုတ် ဇူလိုင်လ ပထမပတ်တွင် ကြေညာရန် လျာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်၊ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က The Daily Eleven သတင်းစာကို ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ်ကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာထားသည်။

“မဲစာရင်းကတော့ မှန်းထားတာတော့ ဇွန်လနောက်ဆုံးပတ်လောက် ဒါမှမဟုတ် ဇူလိုင်လ ပထမပတ်လောက် ကြေညာနိုင်အောင် မှန်းထားပါတယ်။ အသေအချာတော့ မသိသေးဘူး။ ဇွန်လကုန် ဇူလိုင်လပေါ့” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

လက်ရှိတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ၌ မဲဆန္ဒရှင်စာရင်းကို ဧပြီ ၁၉ ရက်မှစတင်၍ မဲစာရင်း ပြုစုနေပြီး မေလကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း၊ မဲစာရင်း ပြုစုရာတွင် အခက်အခဲ မရှိကြောင်းနှင့် မဲဆန္ဒရှင် နှစ်သိန်းကျော်ရှိသည့် မြင်းခြံမဲဆန္ဒနယ်တွင် မဲစာရင်းပြုစုရာ၌ အနည်းငယ် နောက်ကျနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာ၌ လစ်လပ်မဲဆန္ဒနယ် ၁၂ နေရာတွင် သတ်မှတ်ချိန် ငါးပတ်အတွင်း ပြီးစီးနိုင်သော်လည်း မဲဆန္ဒရှင် နှစ်သိန်းကျော်ရှိသည့် မြင်းခြံမဲဆန္ဒနယ်၌ အနည်းငယ် နောက်ကျနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲစာရင်းကြေညာရာ၌ အိမ်ထောင်စုအလိုက် ထုတ်ပြန်ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က “ပြင်ဖို့ဖြည့်စွက်ဖို့ နှစ်ကြိမ်တောင် အခွင့်အရေးပေးမှာပါ။ မဲစာရင်းမှာ ထည့်သွင်းပေးဖို့ အမည်စာရင်း မပါရင် တောင်းနိုင်တယ်။ မပါသင့်တဲ့သူတွေ ပါနေရင်လည်း ကန့်ကွက်နိုင်တာပေါ့။ နောက် အချက်အလက်တွေ မှားနေရင်လည်း ပြင်နိုင်တာပေါ့” ဟု ဆက်လက် ပြောကြားသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကန်ပက်လက် မဲဆန္ဒနယ်၌ မဲဆန္ဒရှင်စာရင်းမှာ ၁၁၄၈၄ ဦး၊ လဲချား မဲဆန္ဒနယ်တွင် မဲဆန္ဒရှင် စာရင်းမှာ ၃၅၁၆၅ ဦး၊ တာမွေမဲဆန္ဒနယ်တွင် မဲဆန္ဒရှင် ၉၂၉၈၇ ဦး၊ မြင်းခြံမဲဆန္ဒနယ်တွင် ၂၁၁၀၄၃ ဦးရှိကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၌ မဲဆန္ဒရှင်စာရင်းမှာ ၁၇၈၅၇၉ ဦးရှိကြောင်း သိရသည်။

ထို့အတူ တမူးမဲဆန္ဒနယ်တွင် မဲဆန္ဒရှင် ၁၆၄၄၅ ဦး၊ အုတ်တွင်း မဲဆန္ဒနယ်တွင် ၅၅၂၄၉ ဦး၊ သပိတ်ကျင်း မဲဆန္ဒနယ်တွင် ၄၇၆၃၃ ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ၃၉၅၉၉ ဦး၊ မင်းဘူးမဲဆန္ဒနယ်တွင် ၆၆၀၂၉ ဦးနှင့် ဆိပ်ကမ်းမဲဆန္ဒနယ်တွင် မဲဆန္ဒရှင် ထောင်ဂဏန်းခန့်ရှိကြောင်း သိရသည်။ လက်ရှိအစိုးရလက်၌ ၂၀၁၇ ခုနှစ် တွင် ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ကျင်းပထားသည်။

Most Read

Most Recent