ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း
Published 20 August 2017

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂါလီလူမျိုး အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်တံ့ ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေးတို့ကို များစွာထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို သြဂုတ် ၁၈ ရက်က ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည်။

ယင်းအဆိုကို ရသေ့တောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် ဒေသများ၏ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရေးမှာ တရားဥပဒေ စိုးမိုးရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ကိစ္စရပ်ဖြစ်ပြီး အချိန်နှင့် တစ်ပြေးညီ မြန်မြန်ဆန်ဆန် လုပ်ဆောင်ရန် လိုအပ်နေပြီး အစွန်းရောက် မွတ်စလင်အဖွဲ့အစည်းများသည် နိုင်ငံတကာရှိ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် အနေအထားကို တွေ့ရှိနေရကာ တိုင်းပြည်အတွက် အန္တရာယ်ဆိုးများ အချိန်မရွေး ကျရောက်လာနိုင်သည့်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် အချိန်မဆိုင်းဘဲ ရဲဝံ့ပြတ်သားစွာ အမြစ်ပြတ် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသောကြောင့် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။

တစ်ဖက်နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် နိုင်ငံသား မဟုတ်သည့် ဘင်္ဂါလီများ ရာခိုင်နှုန်း ၉၀ ကျော် နေထိုင်လျက်ရှိရာ ၎င်းဘင်္ဂါလီများသည် လူဦးရေ ပေါက်ကွဲလျှံထွက်လျက်ရှိသော တစ်ဖက်နိုင်ငံရှိ လူမျိုးများနှင့် ဘာသာတူ မျိုးနွယ်များဖြစ်ကြပြီး ခေတ်အဆက်ဆက် တရားမဝင်သော နည်းလမ်းများဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကာ အခြေချ နေထိုင်လာခဲ့ကြသူများဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသား ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ရခိုင်လူမျိုး နှစ်သောင်းခန့်ကို သတ်ဖြတ်ခြင်းတို့ကြောင့် ဒေသခံတိုင်းရင်းသားများ လူဦးရေများစွာ လျော့နည်းခဲ့သည့်အပြင် တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ နေ့စဉ်နှင့်အမျှ စိမ့်ဝင်နေခြင်း၊ လူဦးရေပေါက်ဖွားမှု မြင့်မားခြင်းတို့ကြောင့် မောင်တော၊ ဘူးသီးတောင်ဒေသသည် နိုင်ငံခြားသား ဘင်္ဂါလီများ သီးသန့်နေထိုင်ရာ ဒေသတစ်ခုအသွင်သို့ တဖြည်းဖြည်း ရောက်ရှိလာနေပြီဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အခွင့်ကောင်းယူကာ ၁၉၈၈ ခုနှစ် မေ ၁၃ ရက် ည ၉ နာရီ တွင် ဘင်္ဂါလီဦးရေ ငါးသောင်းခန့်သည် မောင်တောမြို့သို့ ဘက်ပေါင်းစုံမှ ဝိုင်းရံပြီး ရခိုင်များအား သတ်ပစ်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ပေါ်ပေါက်ခဲ့ကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။

ထို့ပြင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည့် လုပ်ရပ်များကြောင့် ယနေ့အချိန်အထိ မငြိမ်းချမ်းသေးသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားလျက် ရှိနေခြင်းကြောင့် ဒေသခံတိုင်းရင်းသားများမှာ မိမိတို့နယ်မြေများတွင် မနေရဲလောက်အောင် စိုးရိမ်ကြောက်လန့်လျက် ရှိနေကြကြောင်း၊ မောင်တော၊ ဘူးသီးတောင်ဒေသရှိ ဘာသာရေး၊ လူမျိုးရေးကို အခြေခံသော အစွန်းရောက်သမားများသည် ပြည်ပ အဖွဲ့အစည်းများ၏ အကူအညီများဖြင့် မောင်တောဒေသရှိ တောတောင်များနှင့် ကျေးရွာများတွင် သင်တန်းပို့ချခြင်းများကိုလည်း စနစ်တကျ လုပ်ဆောင်နေကြသည်ကို မြင်တွေ့နေရကြောင်းလည်း ဒေါ်ခင်စောဝေက ပြောကြားသည်။

“ဒေသခံပြည်သူများဟာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်း၊ တံငါလုပ်ငန်းများကို မလုပ်နိုင်တော့ဘဲ ရွာထဲမှ ရွာပြင် မထွက်ရဲအောင် အလွန်စိုးရိမ်နေကြရပါတယ်။ အိမ်ခြေရာထောင်ချီ ရှိနေသော ဘင်္ဂါလီကျေးရွာများ အကြားတွင် ဆယ်ဂဏန်းမျှသာရှိသော တိုင်းရင်းသား ကျေးရွာများ၏ အခြေအနေမှာ ကျားသနားမှ နွားချမ်းသာရမည့်ကိန်း ရောက်နေပါတယ်” ဟု အဆိုရှင် ဒေါ်ခင်စောဝေက ပြောကြားသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ပြည်သူ့လွှတ်တော်က သဘောတူခဲ့သည်။

Most Read

Most Recent