<

နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ဒဏ်ကြောင့် မြန်မာနိုင်ငံသားများ နိုင်ငံတကာကျွန်ဖြစ်နေရဟု မွန်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား

နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ဒဏ်ကြောင့် မြန်မာနိုင်ငံသားများ နိုင်ငံတကာကျွန်ဖြစ်နေရဟု မွန်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ငွေသိမ်းက မေ ၅ ရက် နံနက် ၉ နာရီက မွန်ပြည်နယ် ရေးမြို့တွင် ပြုလုပ်ခဲ့သော မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

“နိုင်ငံလွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်ကြီးဟာ နှစ် ၇၀ ကျော်ခဲ့ပါပြီ။ ကမ္ဘာမှာအကြာဆုံး ပြည်တွင်းစစ်လည်း ဖြစ်ပါတယ်။ ဒီစစ်ပွဲကြီးကြောင့် တိုင်းပြည်အတွင်းမှာ ညီအစ်ကို မောင်နှမအချင်းချင်း သတ်ကြ၊ ဖြတ်ကြ၊ ညှဉ်းပမ်းကြ၊ နှိပ်စက်ကြ၊ ပိုင်ဆိုင်တဲ့ပစ္စည်းပစ္စယများ အကြောင်းမဲ့ဖျက်ဆီးကြ၊ မြို့ရွာတွေ မီးရှို့ကြ၊ လိင်ပိုင်းဆိုင်ရာ ရက်ရက်စက်စက် ကျူးလွန်ကြ၊ ဖောက်ပြန်ကြ စသည့်အချက်များနဲ့အတူ ကျွန်တော်တို့က တောမှာနေခဲ့ကြတော့ ဒီဟာတွေကို တကယ့်လက်တွေ့ခံစားခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီပြည်တွင်းစစ်ကြောင့် တိုင်းပြည်ရဲ့စီးပွားရေး၊ လူမှုရေး၊ သယံဇာတထိန်းသိမ်းစောင့်ရှောက်ရေး၊ ဘ၀အတွက်လုံခြုံရေး အစရှိသည်ဖြင့် အဲဒီဖြစ်ရပ်အားလုံးဟာ ယိုယွင်းပျက်စီးခဲ့မှုတွေ ဖြစ်လာရပါတယ်။ အဲဒါကြောင့်လည်း အားလုံးသိကြတဲ့အတိုင်းပဲ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ရပါတယ်။ အဲဒီအပြင်ကို ပြည်တွင်းစစ်ကြီးကြောင့် စစ်ရှောင်ဒုက္ခသည်တွေ သိန်းဂဏန်းချီ ရှိနေပါတယ်။ အခုလည်း ရှိနေတုန်းပါပဲ။ အဲဒီစစ်ရှောင်ပြည်သူတွေဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အတိဒုက္ခ ဖြစ်နေကြပါတယ်” ဟု နိုင်ငွေသိမ်းက ပြောကြားသည်။

၎င်းက ဆက်လက်၍ “ဒါတွေ မကသေးပါဘူး။ အသက်မွေးဝမ်းကျောင်းအတွက် တစ်နည်းအားဖြင့်ပြောရရင် ထမင်းစားရဖို့အတွက် ပြည်ပကိုထွက်ပြီး အလုပ်လုပ်နေကြသူများဟာလည်း သန်းဂဏန်းချီ ရှိနေပါတယ်။ ကျွန်တော်တို့ မွန်တွေကတော့ တော်တော်များပါတယ်။ ဒါဟာလည်း တစ်နည်းအားဖြင့်ပြောရရင် ကျွန်တော်တို့တစ်တွေဟာ ပြည်တွင်းစစ်ဒဏ်ကြောင့် နိုင်ငံတကာရဲ့ ကျွန်ဖြစ်နေရပါတယ်” ဟုပြောကြားသည်။

“အဲဒါတွေကြောင့် ပြည်သူတွေက ရာနှုန်းပြည့် ပြည်တွင်းစစ်အန္တရာယ်ကနေ ကင်းလွတ်လိုတဲ့ ပြင်းပြသောဆန္ဒနဲ့ ငြိမ်းချမ်းရေးကို အချိန်ရှိသရွေ့ မျှော်ကိုးနေကြ၊ တမ်းတနေကြပါတယ်။ လုပ်ပိုင်ခွင့်ရှိသောပုဂ္ဂိုလ်များ၊ လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးအတွက် မနေမနား လုပ်ဆောင်ကြိုးပမ်းနေကြသော်လည်းပဲ မျှော်လင့်နေချိန်နဲ့ နောက်ကျစွာ တစ်နည်းပြောရရင် ယနေ့အချိန်အထိ ငြိမ်းချမ်းရေး အကျိုးဖြစ်ထွန်းမှု ဖြစ်မလာသေးတဲ့ အခြေအနေအပေါ်မှာ ပြည်သူပြည်သားအများက အားမရဖြစ်နေကြပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်လာကြဖို့နဲ့ ဒီလိုမျိုး လက်မှတ်ရေးထိုးဖို့ ကြိုးပမ်းနေတဲ့ ကာလအတွင်းမှာ တစ်ဖက်နဲ့တစ်ဖက် သံသယကင်းရှင်းရေးအတွက် အထူးသဖြင့် စစ်ပွဲမှန်သမျှ ကင်းရှင်းရေးအတွက် စစ်ပွဲများရပ်စဲဖို့ သင့်ပါပြီဆိုတာ ဒီကနေ့ပြောနေကြ၊ ဆိုနေကြ၊ ဆန္ဒထုတ်ဖော်နေကြတယ်ဆိုတာကလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ထို့အတွက် ပြည်သူများနှင့်အတူ မွန်အမျိုးသားပါတီကလည်း ဆန္ဒပြင်းပြစွာနဲ့၊ အပစ်ရပ်ရေးအတွက် ပါတီရဲ့ကိုယ်စား မေတ္တာရပ်ခံပါတယ်” ဟု နိုင်ငွေသိမ်းက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ် ရေးမြို့၌ မေ ၅ ရက်မှ ၇ ရက်အထိ သုံးရက်တာပြုလုပ်မည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၌ မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အခြားဖိတ်ကြားသင့် ဖိတ်ကြားထိုက်သည့် ပုဂ္ဂိုလ်များအပါအ၀င် ကိုယ်စားလှယ် ၅၀၀ ကျော်က ရေးမြို့ရှိ ပြည်သူ့အားကစားရုံ၊ မွန်ဓမ္မာရုံ၊ အ.ထ.က (၁) ကျောင်းနှင့် တင်ပလ္လင်နှစ်ဆူ ဓမ္မာရုံစသည့် နေရာလေးနေရာတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတကဏ္ဍများအား ဆွေးနွေးမည်ဖြစ်သည်။

May 6, 2018














Copy Protected by Chetan's WP-Copyprotect.