တရားရုံး၊ ဥပဒေအရာရှိ၊ ရဲတို့နှင့်ပတ်သက်သည့် တိုင်ကြားစာအပါအဝင် တိုင်စာတစ်ထောင်ကျော် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ရောက်ရှိကြောင်း ကော်မတီအတွင်းရေးမှူး ပြောကြား

တရားရုံး၊ ဥပဒေအရာရှိ၊ ရဲတို့နှင့်ပတ်သက်သည့် တိုင်ကြားစာအပါအဝင် တိုင်စာတစ်ထောင်ကျော် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ရောက်ရှိကြောင်း ကော်မတီအတွင်းရေးမှူး ပြောကြား
Published 6 May 2018

တရားရုံး၊ ဥပဒေအရာရှိ၊ ရဲတို့နှင့်ပတ်သက်သည့် တိုင်ကြားစာအပါအဝင် တိုင်စာ ၁၀၀၀ ကျော် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ရောက်ရှိကြောင်း အဆိုပါကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရးရာကော်မတီအား တရားစီရင်ရေးနှင့် ဥပဒေရေးရာလုပ်ငန်းများ မှန်ကန်မှု၊ တရားမျှတမှုရှိစေရေးအတွက် ကူညီဆောင်ရွက်ရန်၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရန်တို့ကို တာဝန်ပေးထားသည်။

“တိုင်စာတွေကတော့ ၁၁၀၀ ကျော်လောက် ရောက်တယ်။ ကျွန်တော်တို့ကော်မတီအဖွဲ့က ၁၉ ဦးရှိတယ်လေ။ သူတို့ကို ၁၀ မှုစီပို့ပြီး ဖတ်ခိုင်းတယ်။ ဖတ်ခိုင်းပြီးတော့ တိုင်ချက်နဲ့မညီတဲ့ဟာတွေ၊ လိပ်စာမစုံတာတွေ ကော်မတီကနေ မှတ်တမ်းတင်တယ်။ ကျန်တာတွေကျတော့ သက်ဆိုင်ရာဌာနတွေကို ပို့ပါတယ်။ တိုင်စာတွေကိုကတော့ အခုနပြောသလို တရားရုံးကို အမှုရှုံးလို့တိုင်တဲ့လူတွေက များတယ်။ ငွေရေးကြေးရေးပြဿနာတွေလည်း ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အဂတိကော်မရှင်ကို ပို့တယ်ခင်ဗျ” ဟု ဦးအောင်တင်လင်းက ပြောကြားသည်။

ကော်မတီသို့ တိုင်ကြားလာသည့် တိုင်စာများနှင့်ပတ်သက်၍ စိစစ်ပြီး သက်ဆိုင်ရာဌာနများကို ပို့ပေးကြောင်း ဦးအောင်တင်လင်းက ဆက်လက်ပြောကြားသည်။

“ဥပဒေအရာရှိက အခုနပြောသလို လျှော့ပြီးတော့တတ်တဲ့ ပုဒ်မတွေတို့ တိုးပြီးတတ်တဲ့ ပုဒ်မတွေတို့ အဲဒီလိုမျိုးတွေ တိုင်တာပါတယ်” ဟု ဥပဒေအရာရှိများအပေါ် တိုင်ကြားစာများနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး ဦးအောင်တင်လင်းက ပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်က ထုတ်ပြန်ထားသည့် ၂၀၁၇ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာစာအုပ်တွင် ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊ လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်းတို့အတွက် အရေးယူဆောင်ရွက်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် လက်အောက်တရားရုံးအဆင့်ဆင့်ရှိ တရားရေးအရာရှိ/ တရားသူကြီး ၈၈ ဦး၊ ရုံးဝန်ထမ်း ၇၂ ဦး စုစုပေါင်း ၁၆၀ တို့အား ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ပါရှိသည်။

Most Read

Most Recent