NCA စာချုပ်တွင် လက်မှတ်ရေးထိုးမည်ဆိုပါက ငြိမ်းချမ်းရေးနှင့် ပိုမိုနီးစပ်နိုင်ပြီး သံသယများလည်း ရှင်းသွားနိုင်သဖြင့် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်ရေးထိုးရန် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ တိုက်တွန်း

NCA စာချုပ်တွင် လက်မှတ်ရေးထိုးမည်ဆိုပါက ငြိမ်းချမ်းရေးနှင့် ပိုမိုနီးစပ်နိုင်ပြီး သံသယများလည်း ရှင်းသွားနိုင်သဖြင့် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်ရေးထိုးရန် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ တိုက်တွန်း
Published 6 May 2018

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးမည်ဆိုပါက ငြိမ်းချမ်းရေးနှင့် ပိုမိုနီးစပ်နိုင်ပြီး သံသယများလည်း ရှင်းသွားနိုင်သဖြင့် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်ရေးထိုးရန် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က ပြောကြားသည်။

မွန်ပြည်နယ် ရေးမြို့တွင် မေ ၅ ရက် နံနက်ပိုင်းက စတင်ပြုလုပ်သည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ၎င်းက ထိုသို့တိုက်တွန်းပြောကြားခြင်းဖြစ်သည်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးကြမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ ပိုပြီးနီးစပ်နိုင်မယ်။ သံသယတွေလည်း ရှင်းသွားနိုင်တယ်။ အခုက သံသယမရှင်းဘူးဖြစ်နေတယ်။ မြောက်ပိုင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်။ ကျွန်တော်တို့က လက်မှတ်ထိုးခဲ့တယ်။ တချို့ကတော့ NCA အပေါ်ကို မရှင်းကြဘူး။ ကောင်းတာက တစ်နိုင်ငံလုံး NCA လမ်းကြောင်း အနောက်ကိုလိုက်ပြီး တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်။ လုပ်လိုက်ရင်တော့ ပြဿနာကရှင်းသွားမှာပေါ့” ဟု နိုင်ထောမွန်က ပြောကြားသည်။

ထို့ပြင် ကျန်သည့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေကြပြီး အမြင်မတူညီကြကြောင်း၊ NCA လမ်းကြောင်းအတိုင်း လိုက်ပါရန် ဦးစွာဆုံးဖြတ်ပြီးမှသာ ဆက်လက်ကြိုးစားနိုင်မည်ဖြစ်ကြောင်း နိုင်ထောမွန်က ပြောကြားသည်။

“NCA လမ်းကြောင်းအတိုင်း မလိုက်နိုင်ရင် တစ်မျိုးပေါ့။ တချို့ကတော့ အမြင်ရှိတယ်။ ကျွန်တော်တို့အမြင်ကတော့ NCA လမ်းကြောင်းအတိုင်းလိုက်ပြီးတော့ အခက်အခဲတွေ အများကြီးကြားကနေ ဆွေးနွေးခဲ့ညှိနှိုင်းခဲ့ရပါတယ်။ ဘယ်လိုအခက်အခဲတွေရှိပါစေ။ ကျွန်တော်တို့နိုင်ငံအတွက် ငြိမ်းချမ်းရေးရဖို့က အရေးကြီးတယ်။ အဲဒါကြောင့် စိတ်ရှည်ရှည်နဲ့ ကြိုးစားဆောင်ရွက်ခဲ့ရပါတယ်” ဟု နိုင်ထောမွန်က ပြောကြားသည်။

အလားတူ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းကလည်း အဖွင့်အမှာစကားတွင် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးကာ ယခုကဲ့သို့ နိုင်ငံရေးဆွေးနွေးမှု စကားဝိုင်းများမှတစ်ဆင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းအဖြေရှာညှိနှိုင်းခြင်းဖြင့် နိုင်ငံ၏အနာဂတ် မျိုးဆက်သစ်လူငယ်များအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံကောင်းများကို လက်လွှဲဖော်ဆောင်ပေးကြရန် ဖိတ်ခေါ်ကြောင်း ပြောကြားသည်။

“NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို NCA မှာ လက်မှတ်ရေးထိုးပြီးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းေးရးဖော်ဆောင်ပေးကြဖို့ ဝိုင်းဝန်းပြီးတော့ တိုက်တွန်းပေးကြပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံပါရစေ။ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်းမှာ ညီညွတ်ရေးတည်ဆောက်နိုင်မှ ပြည်ထောင်စုကြီးအတွက် အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို မတည်ဆောက်နိုင်လို့ရှိရင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ စည်းလုံးညီညွတ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို တည်ထောင်ဖို့ဆိုတာ အလှမ်းဝေးဦးမှာဖြစ်ပါတယ်” ဟု ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

ယင်းအပြင် ရှည်ကြာလှပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရန် အားလုံးသဘောတူ လက်ခံထားသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးကို လုံးဝသံသယမရှိကြရန်နှင့် လက်ရှိရရှိထားသည့် နိုင်ငံရေးအခြေအနေကောင်းများကို အမိအရဆုပ်ကိုင်၍ အတူဆက်လက် ဖော်ဆောင်ပေးကြရန်လည်း ဒေါက်တာတင်မျိုးဝင်းက တိုက်တွန်းပြောကြားသည်။

Most Read

Most Recent