ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ရာတွင် ပုံမှန်တိုးတက်မှုများ ရှိနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ရာတွင် ပုံမှန်တိုးတက်မှုများ ရှိနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 5 May 2018

မေ ၄ ရက်က နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရခိုင်ပြည်နယ် အခြေအနေနှင့် နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုများ ရှိလာသော်လည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပုံမှန်တိုးတက်မှုများ ရှိနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၄ ရက်က နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ် တာဝန်လွှဲပြောင်း ရယူစဉ်ကပင် စနစ်တကျ ဆောင်ရွက်နိုင်ရန် မျှော်မှန်း၍ မိမိတို့ ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာသည့် အခြေအနေများပေါ်မူတည်၍ ဗဟိုကော်မတီ၏ လုပ်ငန်းများကို ချဲ့ထွင်ဆောင်ရွက်ရသည်များလည်း ရှိလာခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေနှင့် နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုများ ရှိလာခဲ့သော်လည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပုံမှန်တိုးတက်မှုများ ရှိနေကြောင်း၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးတို့ကို ဆောင်ရွက်ရာတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်များကို အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း စသည်အားဖြင့် ဆက်စပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း ရှိလာခဲ့ကြောင်း၊ ဗဟိုကော်မတီ အနေဖြင့် မူလမျှော်မှန်းချက်များ အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အခြေအနေအရ ဖြစ်ပေါ် လာသည့် လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်စိစစ်ပြီး ဦးစားပေးခွဲခြားကာ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ ပဋိပက္ခများ ရေရှည်ကင်းဝေးစေမည့် ဖြေရှင်းချက်ဖြစ်သဖြင့် ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို ပိုမို၍ကြိုးပမ်းအားထုတ် လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများနှင့် ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များအပေါ် နိုင်ငံတကာနှင့် စပ်လျဉ်းသည့် အခြေအနေများကို လည်းကောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတို့မှ ဗဟိုကော်မတီသို့ လွှဲပြောင်းပေးပို့ထားသည့် အမှုတွဲများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြ ခဲ့ကြသည်။

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံသားစိစစ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကော်မတီ၏ လုပ်ငန်းများနှင့် UEHRD လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြ ခဲ့ကြသည်။

Most Read

Most Recent