ပါတီတည်ထောင်ခွင့်ရထားသည့် ရှစ်လေးလုံးပြည်သူ့ပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန်နှင့် ပါတီ၏ ပထမ၊ ဒုတိယခေါင်းဆောင်များစာရင်းကို မေ ၂ ရက်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားမည်

ပါတီတည်ထောင်ခွင့်ရထားသည့် ရှစ်လေးလုံးပြည်သူ့ပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန်နှင့် ပါတီ၏ ပထမ၊ ဒုတိယခေါင်းဆောင်များစာရင်းကို မေ ၂ ရက်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားမည်
Published 30 April 2018

ပါတီတည်ထောင်ခွင့် ရရှိထားသည့် ရှစ်လေးလုံးပြည်သူ့ပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားခြင်းနှင့် ပါတီ၏ ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်များစာရင်းကို မေ ၂ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ရှစ်လေးလုံးပြည်သူ့ပါတီအနေဖြင့် ပါတီတည်ထောင်ရန် ခွင့်ပြုကြောင်း အကြောင်းကြားစာ ရရှိခဲ့ပြီးဖြစ်ကာ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဧပြီ ၂၉ ရက်က ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ဗဟိုကော်မတီရုံးခန်းတွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။

ရှစ်လေးလုံးပြည်သူ့ပါတီသည် ဧပြီ ၂၆ ရက် ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ ပါတီတည်ထောင်ရန်ခွင့်ပြုကြောင်း အကြောင်းကြားစာရရှိခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီ၏ ပထမနှင့် ဒုတိယခေါင်းဆောင်များ စာရင်းနှင့် ပါတီမှတ်ပုံတင်ပေးရန် လျှောက်ထားခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။

“ရှစ်လေးလုံးပြည်သူ့ပါတီ တည်ထောင်ရန် ခွင့်ပြုကြောင်း အကြောင်းကြားခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ စာပို့လာပါတယ်။ ပို့လာတော့ ကျွန်တော်တို့ ပုံစံ (ဃ) နည်းဥပဒေ ၆ နဲ့အညီ ပခေါင်းဆောင်တစ်ဦးနဲ့ ဒုခေါင်းဆောင်တစ်ဦးကို ပုံစံ(ဃ) နဲ့ ပြန်တင်ပြရမှာဖြစ်ပါတယ်။ နောက်တစ်ခါ နည်းဥပဒေ ၇ နဲ့အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် ပုံစံ(င) ဖြင့် ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားရန်ဆိုတဲ့ လုပ်ငန်းစဉ်တွေကို ဒီကနေ့ ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီးတော့ ရှေ့အပတ်ထဲမှာ ပုံစံ(ဃ) နဲ့ ပုံစံ(င)ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြမယ်ဆိုတာ ဆွေးနွေးဆုံးဖြတ်တာဖြစ်ပါတယ်။ ဒါကြောင့် အတည်ပြုပြောနိုင်တာကတော့ ပုံစံ(ခ)နဲ့ပါ တီတည်ထောင်ရန်ခွင့်ပြုကြောင်း အကြောင်းကြားစာ အီးမေးလ်ကတစ်ဆင့် ရရှိပါတယ်။ ရှေ့အပတ်ထဲမှာ ပါတီရဲ့ပခေါင်းဆောင်၊ ဒုခေါင်းဆောင်နှစ်ယောက်ကို ပါတီတည်ထောင်လိုသူ ၁၈ ဦးရဲ့ သဘောတူညီချက် ဆုံးဖြတ်ချက်နဲ့ ပူးတွဲပြီးတော့ ကျွန်တော်တို့ကော်မရှင်မှာ တင်ပြရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ပုံစံ(င) အရ ပါတီရဲ့အလံ၊ အမှတ်တံဆိပ်၊ မူဝါဒဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ် စတာတွေကို ရက်ပေါင်း ၃၀ အတွင်း တင်ပြရမယ်ဆိုပေမယ့် ကျွန်တော်တို့ဘက်က ဒါတွေက အသင့်ပြင်ဆင်ထားပြီးသားဖြစ်တဲ့အတွက် လာမယ့်အပတ်ထဲမှာ မေ ၂ ရက်မှာ ပုံစံ(ဃ)နဲ့ ပုံစံ(င)ကို ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားပါမယ်” ဟု ရှစ်လေးလုံးပြည်သူ့ပါတီမှ ဦးကိုကိုကြီးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားမည့် ပုံစံ(ဃ)တွင် ပါတီ၏ ပထမခေါင်းဆောင်အဖြစ် ဦးကိုကိုကြီး၊ ဒုတိယခေါင်းဆောင်အဖြစ် ဦးရဲနိုင်အောင်တို့ကို ရွေးချယ်ထားကြောင်း၊ ထို့အတူ ပုံစံ(င) အဖြစ်တင်ပြရန်အတွက် ပါတီ၏အလံ၊ အမှတ်တံဆိပ်များကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း ရှစ်လေးလုံးပြည်သူ့ပါတီမှ ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။

Most Read

Most Recent