ရခိုင်ကိစ္စအပေါ်မူတည်ပြီး နိုင်ငံရေးအားပြိုင်မှု သဘောမျိုး အသုံးမချသင့်ဘဲ နိုင်ငံတော်၏ ပြဿနာ၊ အမျိုးသားရေးပြဿနာတစ်ရပ်အဖြစ် ရှုမြင်ကာ ချဉ်းကပ်ကြရန်လိုကြောင်း ဦးကိုကိုကြီး ပြောကြား

ရခိုင်ကိစ္စအပေါ်မူတည်ပြီး နိုင်ငံရေးအားပြိုင်မှု သဘောမျိုး အသုံးမချသင့်ဘဲ နိုင်ငံတော်၏ ပြဿနာ၊ အမျိုးသားရေးပြဿနာတစ်ရပ်အဖြစ် ရှုမြင်ကာ ချဉ်းကပ်ကြရန်လိုကြောင်း ဦးကိုကိုကြီး ပြောကြား
Published 30 April 2018

ဧပြီ ၂၉ ရက်က ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ချမ်းဝေစိုး)

ရခိုင်ကိစ္စအပေါ်မူတည်ပြီး နိုင်ငံရေးအားပြိုင်မှုသဘောမျိုး အသုံးမချသင့်ဘဲ နိုင်ငံတော်၏ ပြဿနာ၊ အမျိုးသားရေးပြဿနာတစ်ရပ်အဖြစ် ရှုမြင်ပြီး ချဉ်းကပ်ကြရန်လိုကြောင်း ရှစ်လေးလုံးပြည်သူ့ပါတီ ပထမခေါင်းဆောင် ဦးကိုကိုကြီးက ဧပြီ ၂၉ ရက်တွင် ပြောကြားသည်။

ရှစ်လေးလုံးပြည်သူ့ပါတီအနေဖြင့် ပါတီတည်ထောင်ရန်ခွင့်ပြုကြောင်း အကြောင်းကြားစာ ရရှိခဲ့ပြီးဖြစ်ကာ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဧပြီ ၂၉ ရက်က ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ဗဟိုကော်မတီရုံးခန်းတွင် အစည်းအဝေးပြုလုပ်ခဲ့သည်။ အစည်းအဝေးအပြီး မီဒီယာသမားများနှင့် တွေ့ဆုံစဉ် ဦးကိုကိုကြီးက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

“ရခိုင်ကိစ္စက အမျိုးသားရေးပြဿနာ။ ဒါဟာ ရခိုင်တစ်ခုတည်းရဲ့ ပြဿနာမဟုတ်ဘူး။ အဲဒီတော့ အမျိုးသားရေးပြဿနာကို ချဉ်းကပ်တဲ့နေရာမှာ သူတစ်လူ ငါတစ်မင်းနဲ့ ငါ့ပါတီက ဒီလိုမြင်တယ်။ သူ့ပါတီက ဒီလိုမြင်တယ်။ ငါတို့အစိုးရက ဒီလိုမြင်တယ်ဆိုတာမျိုး ချဉ်းကပ်နေတာကိုယ်၌က အန္တရာယ်ရှိတယ်။ နောက်ဒီကိစ္စအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံရေးအားပြိုင်မှု သဘောမျိုး အသုံးမချသင့်ဘူးလို့လည်း ကျွန်တော်ကတော့မြင်တယ်။ ကျွန်တော်တို့အားလုံး စုပေါင်းပြီးတော့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ဘုံရပ်တည်ချက်တစ်ခုမျိုး။ ဒါ နိုင်ငံတော်ရဲ့ပြဿနာ၊ အမျိုးသားရေးပြဿနာတစ်ရပ်အဖြစ် ရှုမြင်ပြီးတော့ ချဉ်းကပ်ကြဖို့လိုတယ်လို့ ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ဆက်လက်၍ အဆိုပါကိစ္စအား ယခုအစိုးရလက်ထက်တွင် မဖြေရှင်းနိုင်ပါက နောင်အစိုးရက ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် နိုင်ငံတော်မှာ တကယ့်အရေးကြီးသည့် အခြေခံပြဿနာများကို အစိုးရတစ်ရပ်၏ ပြဿနာလို့မမြင်ဘဲ နိုင်ငံတော်၏ပြဿနာ၊ နိုင်ငံတော်၏ဖြစ်စဉ်အဖြစ် ချဉ်းကပ်ရန်လိုအပ်ကြောင်း၊ တပ်မတော်က စဉ်းစားထားသည့်ပုံစံနှင့် ချဉ်းကပ်သည့်ပုံစံကတစ်မျိုး၊ အစိုးရအဖွဲ့က စဉ်းစားထားသည့် ပုံစံကတစ်မျိုး၊ နောင်အစိုးရလက်ထက်တွင် နောင်အစိုးရက ပုံစံတစ်မျိုးနှင့်လုပ်ဆောင်ပါက လွန်စွာအန္တရာယ်ကြီးကြောင်း၊ အစိုးရပြောင်းသွားသော်လည်း ပြဿနာဖြေရှင်းသည့် အခြေခံကျောရိုးမှာ မပြောင်းလဲသင့်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

ထို့ပြင် ရခိုင်အရေးဖြေရှင်းရာတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများအပြင် ဒေသခံ အခြားမျိုးနွယ်စုများ၏ သဘောထားကိုလည်း အလေးအနက်ထားရန် လိုအပ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“အခုက အင်မတန်မှ အကဲဆတ်တဲ့ နေရာမျိုးမှာကျတော့ ကာယကံရှင်ဖြစ်တဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ၊ အခြားဒေသခံ မျိုးနွယ်စုတွေရဲ့ သဘောထားတွေကို အလေးအနက်ထားဖို့လိုမယ်လို့ ကျွန်တော်ကမြင်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့ အခုတစ်ဆင့်ကြားထားတဲ့ သတင်းတွေအရပေါ့ NVC ကတ်တွေ ထုတ်ပေးမယ်။ ငါးလအတွင်းမှာ စိစစ်မယ်။ ခရီးသွားလာခွင့်ပြုမယ် ဆိုတဲ့ဟာမျိုးတွေက အဲဒီလောက် ပြီးလွယ်ပိုင်လွယ် ဆုံးဖြတ်လို့မရဘူးလို့ မြင်တယ်။ ဘာလို့ဆိုတော့ ဒီဟာက အင်မတန် တိုင်းပြည်အတွက် အကဲဆတ်တဲ့ကိစ္စ။ နောက်တစ်ခုက နိုင်ငံသားအခွင့်အရေးကို ရဖို့ဆိုရင် အဲဒီနိုင်ငံသားဖြစ်သွားတဲ့ လူတွေက ဒီနိုင်ငံတော်အပေါ်မှာ ဘယ်လောက် ကျေးဇူးသစ္စာစောင့်သိသလဲ။ နိုင်ငံသားတစ်ယောက်ရဲ့ တန်ဖိုးက သစ္စာစောင့်သိမှုပဲ။ နောက်တစ်ခုက နိုင်ငံအတွင်းမှာ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို လေးစားလိုက်နာရမယ်။ ဒါက နိုင်ငံသားရဲ့တာဝန်။ အခုက အခွင့်အရေးအပိုင်းက ပြောပြီးတော့ တာဝန်ပိုင်းကို လေးနက်မှုမရှိဘူးဆိုရင် ဒါလည်း မေးခွန်းထုတ်ရမယ့်ကိစ္စလို့ မြင်တယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

NVC ကတ်ကိုင်ဆောင်ထားသူ တစ်ယောက်သည် နိုင်ငံသားအဖြစ် လျှောက်နိုင်ပြီး ဥပဒေအရ နိုင်ငံသားဖြစ်ထိုက်ပါက ငါးလအတွင်း နိုင်ငံသားတစ်ယောက်အဖြစ် အသိမှတ်ပြုခံရမည်ဖြစ်ကြောင်း၊ NVC ကတ်ကိုင်ဆောင်ထားသူများနှင့် ပတ်သက်၍ ကန့်သတ်ချက်များ လျှော့ချပေးခဲ့ပြီး လွတ်လပ်စွာ သွားလာခွင့်ရရှိပြီဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေး၏ ပုံစံ (၄) ကို ဖြည့်ရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားထားသည်။

သို့သော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက NVC ကတ် ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံအတွင်း မည်သည့်နေရာမဆို သွားလာခွင့်ရသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ပြောကြားထားသည်။

NVC ကတ်ကိုင်ဆောင်ရုံဖြင့် နိုင်ငံသားအခွင့်အရေးပေးခြင်းသည် အခြေခံဥပဒေနှင့် ညီ၊ မညီ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက စိစစ်၍ အများပြည်သူသိရှိရေး ထုတ်ပြန်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၇ ခုက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဧပြီ ၂၇ ရက် ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုထားသည်။

Most Read

Most Recent