သမ္မတဦးဝင်းမြင့်၏ မိန့်ခွန်းတွင်ပါရှိသည့် အစိုးရ၏ ဦးစားပေးအချက်သုံးချက်မှာ အခြေခံအားဖြင့် ငြိမ်းချမ်းရေးအပေါ်မူတည်နေပြီး အပြန်အလှန်ဆက်နွှယ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

သမ္မတဦးဝင်းမြင့်၏ မိန့်ခွန်းတွင်ပါရှိသည့် အစိုးရ၏ ဦးစားပေးအချက်သုံးချက်မှာ အခြေခံအားဖြင့် ငြိမ်းချမ်းရေးအပေါ်မူတည်နေပြီး အပြန်အလှန်ဆက်နွှယ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
Published 30 April 2018

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မိန့်ခွန်းတွင်ပါသည့် အစိုးရ၏ ဦးစားပေးအချက်သုံးချက်မှာ အခြေခံအားဖြင့် ငြိမ်းချမ်းရေးပေါ်တွင် မူတည်နေပြီး အပြန်အလှန် ဆက်နွှယ်နေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ငြိမ်းချမ်းရေး တွဲလက်များအဖွဲ့၏ Wheel Chair ရထား ကော့သောင်း-ရန်ကုန် အောင်မြင်စွာ ပန်းတိုင်ဝင်ခြင်းအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံတွင်) ပြုလုပ်ခဲ့စဉ် ယင်းပွဲ၌ ဂုဏ်ပြုစကားပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲကာနိုင်ငံတော်ကို ခေါင်းဆောင်မှုပြုနေသည့်အချိန်တွင် ဦးတည်ချက်များ ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်သွားသည်များရှိကြောင်း ယင်းတို့မှာ နံပါတ် (၁) အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပြီး နံပါတ် (၂) အနေဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ကြောင်း၊ နံပါတ် (၃) အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးဖြစ်ပေါ်လာရန် အခြေခံဥဒေကို ပြောင်းလဲမှုပြုရေးတို့ဖြစ်ကြောင်း ပြောကြားသည်။

“ဒီသုံးချက်ကို ပြန်ကြည့်လိုက်တဲ့အခါမှာ ဒီသုံးချက်စလုံးဟာ အခြေခံအားဖြင့် ငြိမ်းချမ်းရေးပေါ်မှာ မူတည်နေပါတယ်။ ငြိမ်းချမ်းရေးရှိမှ ဒီသုံးချက်အဆင်ပြေသလို ဒီသုံးချက်ဆောင်ရွက်မှလည်း ငြိမ်းချမ်းရေးရမှာ ဖြစ်ပါတယ်။ နံပါတ် (၁) အချက်ကိုပဲပြန်ပြီးတော့ စဉ်းစားလိုက်ရင် တရားသောဥပဒေများစိုးမိုးရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ပါတယ်။ အဲဒီအတွက် ငြိမ်းချမ်းရေးဟာ အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မယ်။ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရင် ငြိမ်းချမ်းရေးပိုပြီးတော့ ဆောင်ရွက်လို့ရမယ်။ တရားသောဥပဒေများစိုးမိုးရင် ပိုပြီးတော့ငြိမ်းချမ်းမယ်။ အခုအချို့နေရာတွေမှာ ငြိမ်းချမ်းမှုမရှိဘူးဆိုတာ တရားဥပဒေစိုးမိုးမှုမရှိလို့ဖြစ်ပါတယ်။ အဲဒီတော့ တရားသောဥပဒေစိုးမိုးရင် ငြိမ်းချမ်းရေးရမယ်။ ငြိမ်းချမ်းရေးရရင် တရားသောဥပဒေစိုးမိုးမှုတွေ ပိုကောင်းလာမှာဆိုတော့ ဒါအပြန်အလှန်ဆက်နွယ်နေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ဒါကတော့ တိုက်ရိုက်ကိုငြိမ်းချမ်းရေးနဲ့ သက်ဆိုင်နေပါတယ်။ အမျိုးသားရင်ကြားစေ့ရေး အမျိုးသားသင့်မြတ်ရေး ဘယ်လိုပဲခေါ်ခေါ် သင့်မြတ်ဖို့ ရင်ကြားစေ့ဖို့ ကျွန်တော်တို့ ဘယ်လိုကြိုးစားနေတယ်ဆိုတာ ပြည်သူလူထုအားလုံး သိပြီးသားဖြစ်ပါတယ်။ ဒီလိုမျိုး ရင်ကြားစေ့ရေးဟာ တကယ့်ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးတည်နေတာပဲ ဖြစ်ပါတယ်။ ရင်ကြားစေ့နိုင်သလောက် ကျွန်တော်တို့စေ့ရင် ငြိမ်းချမ်းရေးမြန်မြန်ရမယ်။ ရင်ကြားမစေ့နိုင်ရင် ငြိမ်းချမ်းရေးမရနိုင်ဘူး၊ ရင်ကြားစေ့ရေးဆိုတာ အမြင်မတူတဲ့သူတွေ အားလုံးပေါင်းစပ်ပြီးတော့ တူညီတဲ့ဦးတည်ချက်တစ်ခုကို လျှောက်လှမ်းတဲ့အခါမှာ အောင်မြင်မှုရအောင် လက်တွဲဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီလိုလက်တွဲဆောင်ရွက်မှပဲ ငြိမ်းချမ်းရေးကိုရမှာဖြစ်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ ဆောင်ရွက်ရမယ့်ကိစ္စတွေမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဒါဟာလည်း ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ခွင့်ရေးမူပဲဖြစ်ပါတယ်။ အဲဒီတော့ ခွဲမထွက်ဘဲနဲ့ ပြည်ထောင်စုတစ်ဝန်းလုံးမှာရှိတဲ့ ပြည်ထောင်စုတိုင်းရင်းသား အားလုံးဟာ ကိုယ်ပိုင်လွတ်လပ်စွာ အုပ်ချုပ်ခွင့်တွေရရှိပြီးတော့ တစ်စိတ်တစ်ဝမ်းတည်း တကယ့် ပြည်ထောင်စုခိုင်မာစွာ တည်ဆောက်ပြီးတော့ ငြိမ်းချမ်းစွာနဲ့အတူ လက်တွဲပြီးတော့ သာတူညီမျှစနစ်နဲ့ ဆက်လက်ပြီးတော့ ချီတက်ကြပါ။ ဒါတွေအားလုံးရဲ့ အခြေခံဟာလည်း ငြိမ်းချမ်းရေးပဲဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Most Read

Most Recent