၂၀၂၀ ပြည့်နှစ်တွင် အထည်ချုပ်ကဏ္ဍမှ အလုပ်အကိုင် ၁ ဒသမ ၅ သန်းအထိ ပေါ်ပေါက်လာမည်ဟု ခန့်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

၂၀၂၀ ပြည့်နှစ်တွင် အထည်ချုပ်ကဏ္ဍမှ အလုပ်အကိုင် ၁ ဒသမ ၅ သန်းအထိ ပေါ်ပေါက်လာမည်ဟု ခန့်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 30 April 2018

၂၀၂၀ ပြည့်နှစ်တွင် အထည်အချုပ်ကဏ္ဍမှ အလုပ်အကိုင် ၁ ဒသမ ၅ သန်းအထိ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဧပြီ ၂၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးတို့ ပူးပေါင်း၍ အထည်ချုပ်လုပ်ငန်းအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်စာစောင် အသိပေးရှင်းလင်းပွဲ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အသိပေးရှင်းလင်းပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E Peter Lysholt Hansen၊ ဦးစီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အထည်ချုပ်လုပ်ငန်းအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်စာစောင် ပြုစုရေးဆွဲခဲ့ရာတွင် ပါဝင်ခဲ့သည့် သုံးပွင့်ဆိုင်အဖွဲ့ဝင်များ၊ အထည်ချုပ်စက်ရုံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အသိပေးရှင်းလင်းပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထည်ချုပ်ကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနေသော လုပ်ငန်းဖြစ်ကြောင်း၊ လာမည့် ၂၀၂၀ ပြည့်နှစ် အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားတစ်သန်းမှ (၁ ဒသမ ၅) သန်းထိ အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဟု ခန့်မှန်းထားပါကြောင်း ပြောကြားသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံမှ ၁၀ ဘီလျံအထိ တိုးလာမည်ဟု ခန့်မှန်းထားပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအပါအဝင် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် အလေ့အထကောင်းများအတိုင်း ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်စွမ်းအားနှင့် အရည်အသွေး မြင့်တက်လာပြီး ဥရောပ၊ အမေရိကကဲ့သို့ နိုင်ငံတကာဈေးကွက်ကြီးများသို့ တိုးမြှင့်တင်ပို့နိုင်မှာဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းများအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်စာစောင်ကို သုံးပွင့်ဆိုင် ပူးပေါင်းပြုစုရေးသားခဲ့ကြောင်း၊ လမ်းညွှန်စာစောင်တွင် အထည်ချုပ်လုပ်ငန်းများ၌ အဓိကဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ၊ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သင့်သည့်အချက်များ ဖော်ပြထားကြောင်း၊ အထည်ချုပ်လုပ်ငန်းများသာမက အခြားလုပ်ငန်းများရှိ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများပါ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း ကိုးကားအသုံးပြုနိုင်သည့် လမ်းညွှန်စာစောင်ဖြစ်၍ များစွာအကျိုးရှိစေမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။