NCA စာချုပ်ပါ နှစ်ဖက်တပ်များလိုက်နာရမည့် စည်းကမ်းပိုင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိမှုအားနည်းချက်များ ရှိနေကြောင်း JMC-S (မွန်) ဒုတိယဥက္ကဋ္ဌ (၂) အရပ်သားကိုယ်စားလှယ် ပြောကြား

NCA စာချုပ်ပါ နှစ်ဖက်တပ်များလိုက်နာရမည့် စည်းကမ်းပိုင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိမှုအားနည်းချက်များ ရှိနေကြောင်း JMC-S (မွန်) ဒုတိယဥက္ကဋ္ဌ (၂) အရပ်သားကိုယ်စားလှယ် ပြောကြား
Published 29 April 2018

NCA စာချုပ်ပါ နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းကမ်းပိုင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိမှုအားနည်းချက်များ ရှိနေကြောင်း မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (မွန်) ဒုတိယဥက္ကဋ္ဌ (၂) အရပ်သားကိုယ်စားလှယ် ဒေါက်တာမိယဉ်ချမ်းက ပြောကြားသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေရှိ 21 Paradise Hotel တွင် ဧပြီ ၂၆ ရက်မှ ၂၇ ရက်အထိပြုလုပ်ခဲ့သော မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (မွန်) အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။

“အလုပ်ရုံဆွေးနွေးပွဲမှာ ပထမဆုံးအနေနဲ့ နှစ်ဖက်တပ်မှူးတွေ၊ တပ်ဖွဲ့ဝင်တွေကို NCA စာချုပ်ပါအကြောင်းအရာတွေနဲ့ နှစ်ဖက်တပ်တွေလိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ သိလဲဆိုတာကို ဆန်းစစ်မှုတွေ လုပ်ပါတယ်။ ဒါမှလည်း သူတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သိရှိလဲဆိုတာတွကို ဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစချင်းကတော့ သူတို့အနေနဲ့ သိပ်ပြီးနားမလည်တာတွေရှိတယ်။ အဲဒါက အမှန်ပါပဲ။ တချို့သောအပိုင်းတွေကို သူတို့မသိဘူးပေါ့နော်။ ဒါပေမဲ့ ဖိုရမ်မှာ အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းမှုတွေ၊ ပို့ချမှုတွေ လုပ်ဆောင်ပြီးတော့ တစ်ခါထပ်ပြီး ဆန်းစစ်မှုတွေ လုပ်ဆောင်လိုက်တော့ သဘောပေါက် နားလည်လာကြတဲ့ အနေအထားမျိုး တွေ့ရတယ်။ အောက်ခြေအဆင့်ဆင့်က တပ်သားတွေလည်း ပြန်လည်ရှင်းပြလို့ရမယ့် အနေအထားမျိုးလေးတွေကိုလည်း တွေ့ရပါတယ်” ဟု ဒေါက်တာမိယဉ်ချမ်းက ပြောကြားသည်။

နှစ်ရက်ကြာပြုလုပ်ခဲ့သည့် JMC-S (မွန်) အလုပ်ရုံဆွေးနွေးပွဲတွင် NCA နှင့်ပတ်သက်သည့် နှစ်ဖက်တပ်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ရည်ရွယ်ချက်များ မည်ကဲ့သို့ရှိသည်ကို ရှင်းလင်းဆွေးနွေးခြင်း၊ JMC ကော်မတီသည် ငြိမ်းချမ်းရေးကို အထောက်အကူပြုနေသော ဒေါက်တိုင်တစ်ခု ဖြစ်သည့်အကြောင်းများ၊ အောက်ခြေတွင် ပဋိပက္ခဖြစ်ပွားမှုများ တတ်နိုင်သမျှ ဖြေလျှော့လာနိုင်အောင် ကော်မတီအနေဖြင့် စောင့်ကြည့်နေသည့် အခြေအနေများ၊ နှစ်ဖက်တပ်များ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းများ၊ အရပ်သားများကို ကာကွယ်ပေးရမည့်အချက်များနှင့် ပတ်သက်ပြီး ကော်မတီက အဓိကလုပ်ဆောင်နေသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ JMC-U ဒုတိယဥက္ကဋ္ဌ ဦးပြည့်စုံ၊ JMC-S (မွန်) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမိယဉ်ချမ်း၊ အဖွဲ့ဝင်များဖြစ်ကြသော မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ ဒေါက်တာမင်းနွယ်စိုး၊ နော်ဆာထူး၊ စောဂျိုးစွာ၊ အတွင်းရေးမှူး (၂) ဖြစ်သူ ဗိုလ်မှူးကြီးနေယု၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ အရပ်သားကိုယ်စားလှယ်များ၊ နယ်ခြားစောင့်တပ်များမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နှစ်ဖက်လက်နက်ကိုင်တပ်မှူးများ အချင်းချင်းတွေ့ဆုံပြီး ခင်မင်ရင်းနှီးမှုရရှိစေရန်နှင့် အောက်ခြေအဆင့်ပြဿနာများကို လက်နက်ကိုင်တပ်မှူးအချင်းချင်း ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်၍လည်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း JMC ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent