အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ဇွန်လအတွင်းပြုလုပ်ရန် ရည်မှန်းထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ဇွန်လအတွင်းပြုလုပ်ရန် ရည်မှန်းထား
Published 23 April 2018

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ဇွန်လအတွင်းပြုလုပ်ရန် ရည်မှန်းထားကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပနိုင်ရေးအတွက် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အစည်းအဝေးကို ဧပြီ ၂၂ ရက်က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကျင်းပနိုင်ရေးနှင့် အဆိုပါညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ ရွေးချယ်စေလွှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြောင်း ဒေါက်တာမျိုးညွန့် ပြောကြားသည်။

ဒေါက်တာမျိုးညွန့်က “ကျွန်တော်တို့ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံလုပ်ဖို့အတွက် ဒီကနေ့ CEC အစည်းအဝေးလုပ်တာ ဖြစ်ပါတယ်။ ညီလာခံလုပ်ဖို့အတွက် ကိုယ်စားလှယ်တွေကို ဘယ်လိုရွေးချယ်မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ ဆွေးနွေးအတည်ပြုခြင်း ဖြစ်ပါတယ်။ နိုင်ငံလုံးဆိုင်ရာညီလာခံကို စေလွှတ်မယ့်ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့ပုံစံကို အသေးစိတ် ညှိနှိုင်းဆွေးနွေးပြီးတော့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပါတီညီလာခံကိုတော့ ဇွန်လအတွင်းမှာ လုပ်နိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားတယ်။ ဒီအတောအတွင်းမှာပဲ ညီလာခံတက်ရောက်မယ့် ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ CEC အစည်းအဝေးမှာ အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် CEC အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်သမားကော်မတီ ဥက္ကဋ္ဌ ဦးဝင်းထိန်နေရာတွင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သည့် ဦးဟံသာမြင့်က ဥက္ကဋ္ဌတာဝန်ကို ပြောင်းလဲတာဝန်ယူရန်လည်း ဆွေးနွေးအတည်ပြုခဲ့ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“နောက်ပြီးတော့ ကျွန်တော်တို့ ဗဟိုအလုပ်သမားကော်မတီရဲ့ ဥက္ကဋ္ဌက ဦးဝင်းထိန်ဖြစ်တယ်။ အဲဒီနေရာမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးဟံသာမြင့်ကနေပြီးတော့ ဥက္ကဋ္ဌနေရာမှာ ပြောင်းလဲတာဝန်ယူဖို့ ကျွန်တော်တို့ ဆွေးနွေးအတည်ပြုခဲ့တာ ရှိပါတယ်။ နောက်ပြီးတော့ ပါတီပုံမှန်ပါဝင်နေကြဖြစ်တဲ့ ကျွန်တော်တာဝန်ယူထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနက စိစစ်အတည်ပြုထားတာကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အဆုံးအဖြတ်ခံယူဖို့အတွက် အစီရင်ခံတာတွေရှိပါတယ်။ ကျွန်တော်တို့ကတော့ ပါတီရဲ့ပုံမှန်လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ လုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးသာ မဟုတ်ဘဲ ပါတီရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူရဲ့ နေ့စဉ်လူမှုဘ၀ တိုးတက်ရေးအတွက် ဘယ်လိုအထောက်အကူပြုနိုင်မလဲ ပါတီရဲ့ ဆောင်ရွက်ချက်အနေအထားတွေကို ဘယ်လိုထိန်းသိမ်းပြုပြင်ရမလဲ အမြဲတမ်းဦးစားပေး လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ (ပထမအကြိမ်) ကို ၂၀၁၃ ခုနှစ်အတွင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent