မွန်ပြည်သစ်ပါတီ၏ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ကိစ္စနှင့်ပတ်သက်၍ ဒုတိယအကြိမ် လူထုတွေ့ဆုံရှင်းလင်းပွဲ ဧပြီလနောက်ဆုံးပတ်တွင် ကျင်းပမည်

မွန်ပြည်သစ်ပါတီ၏ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ကိစ္စနှင့်ပတ်သက်၍ ဒုတိယအကြိမ် လူထုတွေ့ဆုံရှင်းလင်းပွဲ ဧပြီလနောက်ဆုံးပတ်တွင် ကျင်းပမည်
Published 22 April 2018

မွန်ပြည်သစ်ပါတီ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခြင်း ကိစ္စနှင့်ပတ်သက်၍ ဒုတိယအကြိမ် လူထုတွေ့ဆုံရှင်းလင်းပွဲအား ဧပြီ ၂၇ ရက်တွင် ရေးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ဝယ်ဇင်စခန်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသားပညာရေးဗဟိုဌာန အခြေစိုက်ရာ ညီစားစခန်း၌ ပထမအကြိမ်ပြုလုပ်ခဲ့သည့် လူထုရှင်းလင်းပွဲ၌ မွန် CSO များအနေဖြင့် UPDJC က ချမှတ်ထားသော ကဏ္ဍကြီးလေးရပ်ဖြစ်သည့် ပညာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သယံဇာတကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်းနှင့် အစိုးရက သတ်မှတ်ပေးထားသည့် လူထုတွေ့ဆုံပွဲများ ကျင်းပပြုလုပ်မည့် နေရာများနှင့်ပတ်သက်၍လည်း ဆွေးနွေးအကြံပြုခဲ့ခြင်းများရှိကြောင်း မွန်ပြည်သစ်ပါတီ၏ လူထုတွေ့ဆုံပွဲ လုပ်ငန်းကော်မတီဝင် မွန်အရပ်ဘက် လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းအောင်ထူးက The Daily Eleven သတင်းစာကို ပြောကြားသည်။

“အခုလာမယ့် ဧပြီ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ မွန်ပြည်သစ်ပါတီရဲ့ ဝယ်ဇင်စခန်းမှာ ပြုလုပ်မည့် ဒုတိယအကြိမ် လူထုတွေ့ဆုံရှင်းလင်းပွဲမှာ ကဏ္ဍကြီးလေးရပ်အပြင် လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးသွားဖို့ရှိပါတယ်။ ဒါကလည်း ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေကို တက်ရောက်ကြမယ့် ကိုယ်စားလှယ်အနေနဲ့ ဒီလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို သိသင့်တဲ့အတွက်ကြောင့် ဒီလုံခြုံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကဏ္ဍတစ်ခုအနေနဲ့ ဆွေးနွေးသွားဖို့ လျာထားတာရှိပါတယ်” ဟု ဦးမင်းအောင်ထူးက ဆက်လက်ပြောကြားသည်။

မွန်ပြည်သစ်ပါတီ (NMSP) ၏ NCA တွင် လက်မှတ်ရေးထိုးခဲ့ခြင်းနှင့် ပတ်သက်ပြီး ပထမဆုံး လူထုတွေ့ဆုံရှင်းလင်းပွဲတွင် မွန်ဆရာတော်၊ သံဃာတော်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့မှ ကိုယ်စားလှယ်များ၊ မွန်အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံမှ မွန်တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားသင့်သူများ စုစုပေါင်းကိုယ်စားလှယ် ၁၉၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပရမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲများမတိုင်မီ NCA နှင့်ပတ်သက်ပြီး လူထုရှင်းလင်းပွဲများပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ရှင်းလင်းပွဲသို့တက်ရောက်မည့် လူထုအင်အား များနေသောကြောင့် ပြန်လည်လျှော့ချရန် တပ်မတော်ကပြောဆိုလာသဖြင့် ရှင်းလင်းပွဲများအား ကျင်းပရန်နှောင့်နှေးခဲ့ပြီး ဧပြီလဆန်းမှသာ စတင်ကျင်းပနိုင်ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့်အတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လူထုတွေ့ဆုံရှင်းလင်းပွဲများကို ဒုတိယအကြိမ်ပြုလုပ်မည့် ဝယ်ဇင်စခန်းအပြင် ၎င်းတို့တပ်တည်ရာနေရာများဖြစ်သည့် ကရင်ပြည်နယ်၌ ကော့ဘိန်းကျေးရွာအနီး၊ ကြာအင်းဆိပ်ကြီး မြို့နယ်တောင်ပေါက်ကျေးရွာ အနီးနှင့် ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းကျေးရွာများ၌ လည်းကောင်း ပြုလုပ်ရန်လျာထားသည်။

ထို့ပြင် မွန်ပြည်သစ်ပါတီအနေဖြင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မူလက မတ်လကုန်ပိုင်းတွင် စီစဉ်ခဲ့သော်လည်း NCA နှင့်ပတ်သက်သည့် လူထုတွေ့ဆုံရှင်းလင်းပွဲများ မစတင်နိုင်သေးခြင်းကြောင့် ရွှေ့ဆိုင်းလာခဲ့ရာ လက်ရှိတွင် မေလဆန်း၌ ကျင်းပရန်လျာထားကြောင်း သိရသည်။

Most Read

Most Recent