ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းအပေါ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် KNU တပ်မဟာ (၅) အကြား အပြန်အလှန်ကန့်ကွက်

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းအပေါ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် KNU တပ်မဟာ (၅) အကြား အပြန်အလှန်ကန့်ကွက်
Published 20 April 2018

ကရင်ပြည်နယ်ဖာပွန်ခရိုင်အတွင်း လမ်းဖောက်လုပ်ခြင်းနှင့်ပတ်သက်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းအပေါ် တပ်မတော်လက်အောက်ခံ တောင်ပိုင်းတိုင်းစစ်ဌာချုပ်နှင့် NCA ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၅) အကြား အပြန်အလှန် ကန့်ကွက်စာများ ပေးပို့ထားကြောင်း သတင်းရရှိသည်။

တောင်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး၏ ကန့်ကွက်စာအား ဧပြီ ၁၆ ရက်တွင် လက်ခံရရှိကြောင်း၊ ၎င်းကန့်ကွက်စာအရ စစ်သည်များအုပ်ချုပ်မှုကိစ္စ ဆောင်ရွက်ရန် ကားလမ်းအား ဖောက်လုပ်နေစဉ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်နေခြင်းဟု ဆက်ကာဆက်ကာ စွပ်စွဲကန့်ကွက်စာပေးပို့သည့်အပေါ် မိမိတို့ တပ်မဟာ (၅) သည် အပစ်အခတ်ရပ်စဲရေး အဓွန့်ရှည်တည်တံ့ခိုင်မာစေရန် KNU ၏ နိုင်ငံရေးဦးဆောင်မှုကိုခံယူကာ နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များပါ ရည်ရွယ်ချက်အတိုင်း တစ်သဝေမတိမ်း ထိန်းသိမ်းဆုပ်ကိုင်ကာ အကောင်အထည်ဖော်လျက်ရှိကြောင်း KNLA တပ်မဟာ (၅) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲက ဧပြီ ၁၉ ရက်တွင် တောင်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူးထံ လိပ်မူ၍ ပြန်လည်ပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့တပ်မတော်အနေဖြင့် NCA စာချုပ်ပါ အပစ်ရပ်နယ်မြေများတွင် တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ရန်အချက်အား တစ်ဖက်သတ်ဆုံးဖြတ်ခြင်း၊ ကြိုတင်ညှိနှိုင်းသဘောတူညီမှုမရှိဘဲ အသိပေးရုံမျှဖြင့် ချက်ချင်းအကောင်အထည်ဖော်ကာ တစ်ဖက်သတ်ဆန္ဒအတိုင်း ထိပ်တိုက်ရင်ဆိုင်မှုအပြုအမူများကို သွယ်ဝိုက်နည်း၊ တိုက်ရိုက်နည်းစသည်ဖြင့် ချိုးဖောက်လျက်ရှိကြောင်း၊ ထို့သို့ ပြောဆိုရခြင်းအကြောင်းမှာ စာချုပ်ပါ ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်းအရ တပ်ဖွဲ့ဝင်များ သတ်မှတ်နေရာတွင်သာထားရှိရန်နှင့် တပ်စခန်းအရေအတွက် ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အစရှိသည်တို့ကို ကနဦးကတည်းကပင် မိမိတို့ဘက်မှ တင်ပြထားသော်လည်း ယခုထိညှိနှိုင်းအကောင်အထည်ဖော်မှု မရှိသေးခြင်းကြောင့်ဖြစ်ကြောင်း တပ်မဟာ (၅) ၏ ကန့်ကွက်စာတွင် ပါရှိသည်။

ထို့အတူ မိမိအနေဖြင့် ယခုနှစ်အစောပိုင်းက ထိပ်တိုက်ရင်ဆိုင်မှု၏ နောက်ပိုင်း စစ်ရေးပဋိပက္ခများကို မြေပြင်စစ်ရေးအရ မဖြေရှင်းစေလိုဘဲ စားပွဲဝိုင်းနိုင်ငံရေးနည်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန် ညွှန်ကြားထားကြောင်း NCA စာချုပ်ပါ ကတိကဝတ်အတိုင်း ထိပ်တိုက်ရင်ဆိုင်မှုများမရှိစေရန်အတွက် အခါအားလျော်စွာ ကိုယ်စားလှယ်များစေလွှတ်ခဲ့ကြောင်း၊ ယခုနောက်ဆုံး မတ် ၂၈ ရက်တွင် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်စဉ်အား ဆွေးနွေးညှိနှိုင်းဖြေရှင်းရန်အတွက် တပ်မဟာ (၅) ကိုယ်စားလှယ် ဗိုလ်မှူးစောကလယ်ဒိုနှင့် KNLA တာဝန်ရှိတပ်မှူးကြီးများ ပါဝင်ဖွဲ့စည်းထားသည့် စစ်ဘက်ဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (MANT-Military Affair Negotiation Team) အား စေလွှတ်ခဲ့သော်လည်း ပြဿနာများ ညှိနှိုင်းဖြေရှင်းနိုင်မှု တစ်စုံတစ်ရာမျှမရှိဘဲ တွေ့ဆုံဆွေးနွေးဖြေရှင်းမှုတွင် မိမိမပါ၍ရွှေ့ဆိုင်းလိုက်ရသည်ဟု တပ်မတော်ဘက်မှ အချိန်ဆွဲဆိုင်းငံ့ခြင်းဖြင့်သာ ပြန်လှည့်လာခဲ့ရကြောင်း၊ အခြားတစ်ဖက်တွင် တပ်မတော်၏ စစ်ရေးပြင်ဆင်မှုများကို တွေ့မြင်လာရကြောင်း အမှတ် (၅) တပ်မဟာမှူးက ပြန်ကြားစာတွင် ရေးသားထားသည်။

တပ်မဟာ (၅) အနေဖြင့် NCA စာချုပ်ပါမူအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရေရှည်တည်တံ့ခိုင်မြဲမည့် အပစ်အခတ်ရပ်စဲရေးအား ဆက်လက်အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း အပစ်အခတ်ရပ်စဲရေး ကြားကာလအတွင်း တပ်မတော်၏ လိုအင်ဆန္ဒများကို ရပ်တန့်ပေးရန်နှင့် ညှိနှိုင်းအဖြေရှာ ဖြေရှင်းရန် တရားဝင်ရွေးချယ်ထားသည့် MANT အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းအဖြေရှာ မပြုလုပ်နိုင်ဘဲ ယခုကဲ့သို့ စွပ်စွဲကန့်ကွက်စာ တင်ပြလာသည့် ကိစ္စအပေါ် တပ်မတော် (၅) အနေဖြင့် ကန့်ကွက်ကြောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြန်လည်ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

ဖာပွန်မြို့နယ်အတွင်း ၁၅ မိုင်အရှည်ရှိ ခေးပူရွာနှင့် လွယ်မူပလောရွာ ဆက်သွယ်ထားသော ယခင်လမ်းကြောင်းဟောင်းအား ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်အတွက်လည်းကောင်း၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်မှု လွယ်ကူစေရန်လည်းကောင်း၊ ပြန်လည်ပြုပြင်မွမ်းမံရန်ရှိသဖြင့် အဆိုပါကိစ္စအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ KNLA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထံသို့ ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်း ၁၁ ကြိမ်ပြုလုပ်ခဲ့ပြီး လမ်းဖောက်လုပ်ရေး လုပ်ငန်းများအား ၂၀၁၈ ခုနှစ် မတ် ၄ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ လမ်းဖောက်လုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်ရာတွင် နယ်မြေအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က တက်မတော်အနေဖြင့် စစ်ဆင်ရေးများတွင် အသုံးပြုရန်ဖောက်လုပ်ခြင်းဟု စိုးရိမ်စိတ်များပြားပြီး လမ်းဖောက်လုပ်ရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများအား မိုင်းထောင်ခြင်း၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ စတင်ဖောက်လုပ်ချိန်မှ ယနေ့ထိ စစ်သည်မိုင်းနင်းမှု သုံးကြိမ်၊ နှောင့်ယှက်ပစ်ခတ်မှု ၂၆ ကြိမ်၊ မိုင်းဖော်ထုတ်ရရှိမှုရှစ်ကြိမ် (မိုင်း၂၁ လုံး) ရရှိခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည်တချို့ ထိခိုက်ကျဆုံး ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဧပြီ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent