တိုင်းအစိုးရအဖွဲ့ အနေဖြင့် ဘတ်ဂျက် ခွဲဝေရာတွင် မညီမျှမှုများ ရှိနေကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော် အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြောကြား

တိုင်းအစိုးရအဖွဲ့ အနေဖြင့် ဘတ်ဂျက် ခွဲဝေရာတွင် မညီမျှမှုများ ရှိနေကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော် အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြောကြား
Published 19 April 2018

မကွေးတိုင်းအစိုးရအဖွဲ့ အနေဖြင့် ဘတ်ဂျက် ခွဲဝေရာတွင် မညီမျှမှုများ ရှိနေပြီး မျက်ကြီးသည့် မြို့များကို များများချပေးပြီး မျက်နှာငယ်သည့် မြို့များကို နည်းနည်းသာ ချပေးနေကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းက ပြောကြားသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များသည် အားနည်းမှု ရှိ မရှိ မေးမြန်းမှုအပေါ် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မြို့နယ်များကို ဘတ်ဂျက် ခွဲဝေချထားရာတွင် ညီမျှမှု မရှိခြင်းကြောင့် အဆိုပါ လုပ်ရပ်များကို ပြင်ဆင်ရန် လိုအပ်နေကြောင်း ဦးတင်သောင်းက ပြောကြားသည်။

“အစိုးရအဖွဲ့ အနေနဲ့လည်း ပြည်သူတွေရဲ့ ဆန္ဒကို အတတ်နိုင်ဆုံး ပြည့်အောင် လုပ်ပေးဖို့ လိုပါတယ်။ ရတဲ့ ဘဏ္ဍာတွေကိုလည်း မြို့နယ်အလိုက် အတတ်နိုင်ဆုံး ညီညီမျှမျှ ဖြစ်အောင် ခွဲပေးပါ။ ညီမျှဖို့လည်း လိုတယ်။ ဥပမာ မျက်နှာကြီးတဲ့ မြို့ကျတော့ အများကြီး ချပေးပြီး မျက်နှာငယ်တဲ့ မြို့ကျတော့ နည်းနည်းချတယ်။ ဒါမျိုးတွေ မဖြစ်အောင် အစီရင်ခံစာထဲမှာလည်း ထည့်ရေးထားပါတယ်။ အဲဒီအတိုင်း ဖြစ်နေတဲ့အတွက် ဒါတွေကို ပြင်ရပါမယ်။ ဒါကို ဥပမာပေးဆိုရင် ဥပမာ မပေးချင်ပါဘူး။ မျက်နှာကြီးတဲ့ မြို့နဲ့ မျက်နှာငယ်တဲ့မြို့လို့ သုံးတာပဲ ကောင်းပါတယ်” ဟု ဦးတင်သောင်းက ပြောကြားသည်။

ထို့အတူ တိုင်းအစိုးရအဖွဲ့ အနေဖြင့် ကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင် အားနည်းနေပြီး နှစ်နှစ်အတွင်း လွှတ်တော်၏ မေးခွန်းများကို အကောင်အထည်ဖော်ရာတွင် ရာခိုင်နှုန်း ၃၀ ကျော်ခန့်သာ အကောင်အထည် ဖော်ပေးနိုင်ပြီး လွှတ်တော်က တင်ပြသည့် အဆိုများကိုလည်း ၁၅ ရာခိုင်နှုန်းလောက်သာ လုပ်ဆောင်ပေးနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent