<

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုထောက်ခံပွဲ တောင်ကြီးမြို့တွင် ပြုလုပ်

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဧပြီ ၈ ရက်ကပြုလုပ်သော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုထောက်ခံပွဲကို တွေ့ရစဉ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုထောက်ခံပွဲကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ ဈေးပိုင်းရပ်ကွက် မီးသွေးတန်းလမ်းထိပ်တွင် ဧပြီ ၈ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သမ္မတကြီး ကြိုဆိုထောက်ခံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့ တက်ရောက်ကြပြီး တောင်ကြီးခရိုင် ခြောက်မြို့နယ်ရှိ ပါတီဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ရှမ်းပြည်နိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နံနက် ၁၀ နာရီခွဲတွင် အခမ်းအနားစတင်ပြီး နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်အား အလေးပြုခြင်း၊ မိန့်ခွန်းများကို တာဝန်ရှိသူများ ပြောကြားခဲ့ပြီး သမ္မတဦးဝင်းမြင့်ကို ကြိုဆိုထောက်ခံကြောင်း အင်္ကျီများပေးဝေခဲ့သည်။

“အစိုးရသက်တမ်း အခုနောက်ထပ် သုံးနှစ်ကျန်သေးတယ်။ အဲဒီသုံးနှစ်အတွင်းမှာ နှစ်နှစ်တာဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ပိုပြီးတော့ကောင်းအောင် ပြည်သူတွေရဲ့ တင်ပြမှုအချက်အလက်တွေကို အကောင်အထည်ဖော်နိုင်မယ့် အခန်းကဏ္ဍ ပိုပေါ်လွင်လာမယ်လို့ ရဲရဲကြီးပြောရဲတယ်” ဟု ရပ်စောက်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားအရ လုပ်ငန်းတွေလည်းများတယ်။ ကိုယ့်လုပ်ငန်း လုပ်ဆောင်နေရတဲ့သူတွေ ရှိနေတဲ့အခါကျတော့ တချို့ဆို သမ္မတဘယ်သူတက်လဲဆိုတာတောင် မသိဘူး။ အဲဒါလေးကို သိစေချင်တာတစ်ခု။ သမ္မတသစ်တက်လာတဲ့ မူဝါဒရှစ်ချက်ကလည်း ပြည်သူတွေ အရမ်းအားကိုးလောက်တဲ့အတွက် ကြိုဆိုခြင်းဖြစ်ပါတယ်” ဟု တောင်ကြီးခရိုင် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှစိုးက ပြောကြားသည်။

“သမ္မတကြီးကလည်း မိန့်ခွန်းပြောတဲ့အထဲမှာ ရှစ်ချက်ပါတယ်။ တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှုပပျောက်ရေး အစရှိတဲ့ လယ်ယာမြေကိစ္စတွေကအစ ပြောတယ်။ အဲဒီအတွက် ကျွန်တော်တို့ကကြိုဆိုတယ်။ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ စောင့်ကြည့်နေတယ်။ ပါတီဝင်တွေရော တက်ကြွလှုပ်ရှားသူတွေရော ပြည်သူတွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့အသင့်ပါပဲ။ ဘယ်အခန်းကဏ္ဍကနေ ဆောင်ရွက်လို့ရမလဲ။ တောင်ကြီးမြို့နယ်မှာဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီတွေရော ပူးပေါင်းပြီး တိုင်ပင်ထားတာတွေရှိတယ်။ ရှမ်းပြည်နယ်မှာဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ တိုင်ပင်ထားပါတယ်” ဟု တရားဥပဒေစိုးမိုးရေးကွန်ရက်မှ ဦးဝင်းနိုင်စိုးက ပြောကြားသည်။

“နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ သမ္မတကြီးကို ဂုဏ်ပြုကြိုဆိုပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီမရသေးပါဘူး။ ဒီမိုကရေစီရပြီဆိုပြီးတော့ အခွင့်အရေးတွေလည်း သိပ်မရသေးပါဘူး။ ဒီမိုကရေစီ အပင်ပေါက်လေးပဲ ရှိပါသေးတယ်။ ဒီမိုကရေစီ အပင်ပေါက်လေး မသေသွားအောင် ကျွန်တော်တို့ရဲဘော်တွေအားလုံး ၀ိုင်းဝန်းထိန်းမှဖြစ်ပါမှာ” ဟု ညောင်ရွှေမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ပြောကြားသည်။

April 8, 2018














Copy Protected by Chetan's WP-Copyprotect.