အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် အစိုးရတာဝန်ယူပြီးနောက်ပိုင်း တခြားတိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် အစိုးရတာဝန်ယူပြီးနောက်ပိုင်း တခြားတိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ပြောကြား
Published 9 April 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် အစိုးရတာဝန်ယူပြီး နောက်ပိုင်းကာလများတွင် တခြားသော တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင်ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

၂၀၁၀ အရှေ့ပိုင်းကာလများက တိုင်းရင်းသားပါတီများနှင့် NLD ပါတီတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းမျိုးရှိခဲ့ပြီး ၂၀၁၅ နောက်ပိုင်း အစိုးရတာဝန်ယူပြီး နောက်တွင်မူ NLD အနေဖြင့် တခြားသော တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမျိုး မရှိတော့ကြောင်း ဦးစိုင်းညွန့်လွင်က Eleven Media နှင့် သီးသန့်တွေ့ဆုံခဲ့သည့် အင်တာဗျူးတွင် ဖြေကြားသည်။

ဦးစိုင်းညွန့်လွင်က “တိုင်းရင်းသားပါတီတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်တာမျိုးမရှိပါဘူး။ ၂၀၁၀ အရှေ့ပိုင်းမှာတုန်းကတော့ရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်သွားတယ်။ နေပြည်တော်မှာ UNA အနေနဲ့တစ်ခါ ကျွန်တော်တို့ သွားတွေ့ပါတယ်။ ဒီနောက်ပိုင်း ၂၀၁၅ နောက်ပိုင်းတော့ ဒါမျိုးတွေမရှိတော့ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၁၅ နောက်ပိုင်း ပါတီတစ်ခုချင်းစီ တွေ့ဆုံညှိနှိုင်းပြီးတော့ အလုပ်လုပ်တာတစ်ခုမှမရှိပါဘူး။ ပါတီနဲ့ ပါတီချင်း ဆက်ဆံတာမရှိတော့ပါဘူး။ ကျွန်တော်တို့ပြောချင်တာကတော့ နိုင်ငံရေးအရ ပါတီတစ်ခုနဲ့တစ်ခု ဆွေးနွေးညှိနှိုင်း လုပ်ဆောင်တာမျိုးမရှိတော့ပါဘူး။ ဥပမာ ၂၀၁၂ နောက်ပိုင်းမှာ CRPP ရှိတယ်။ CRPP က ဒီကနေ့မှာ ဘာဖြစ်သွားမှန်းမသိဘူး။ CRPP ကဖျက်တာလည်းမဟုတ်ဘူး။ ဆက်ရှိသလားဆိုတော့လည်း ဆက်မရှိတော့ဘူး။ ဒီကိစ္စကို ဆွေးနွေးဖို့ဆိုတာလည်း တစ်ခါမှမရှိခဲ့ဘူး။ ဒီအတိုင်းပဲ ရပ်လိုက်တယ်ပေါ့။ ဒါပေမဲ့ တိုင်းရင်းသားပါတီတွေဘက်က တော်တော်လေး သည်းခံပါတယ်။ ဒီဟာကို ပြဿနာကြီးအနေနဲ့ ဘယ်သူမှမလုပ်ကြပါဘူး။ ဒါကို သတင်းသမားတွေလည်း သိပ်မသိကြဘူးလေ။ ဆက်ဆံရေးကောင်းတယ်လို့ပဲ ထင်နေကြတယ်။ တကယ့် တကယ် ၂၀၁၅ နောက်ပိုင်းမှာ နိုင်ငံရေးအရ ပါတီတစ်ခုနဲ့တစ်ခု ဆွေးနွေးညှိနှိုင်းတာမျိုး ဘာမှမရှိပါဘူး” ဟုပြောကြားသည်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမျိုး မရှိရခြင်းမှာလည်း ပါတီအချင်းချင်းအကြား ဆက်ဆံရေးကွဲပြားခြင်းမျိုး မဟုတ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရလုပ်ငန်းများကို ထောက်ခံစရာရှိသည့် အနေအထားတွင် ထောက်ခံခဲ့ကြပြီး၊ ကန့်ကွက်စရာရှိသည့် အနေအထားမျိုးတွင် ကန့်ကွက်မှုများရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ထောက်ခံ၊ ကန့်ကွက်မှုများသည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်ဆောင်ခြင်းမျိုး မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ သမ္မတကိုမဲပေးတာတို့ ဘာတို့ကတော့ ကျွန်တော်တို့က ဝတ္တရားအရ ထောက်ခံရမှာပဲလေ။ ဒါကတော့ရှိပါတယ်။ ဒီကဆွေးနွေးညှိနှိုင်းတဲ့ အနေအထားမျိုးတွေနဲ့ လုပ်တာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ဆန္ဒနဲ့ ကျွန်တော်တို့ရဲ့ အသိဝတ္တရားအရ မဲပေးရတာဖြစ်တယ်။ ညှိညှိနှိုင်းနှိုင်းရယ်လို့တော့ မရှိပါဘူး။ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေဘက်ကတော့ တိုင်းပြည်အတွက် အကျိုးရှိတယ်ဆိုရင် ထောက်ခံတာပါပဲ။ တချို့မလိုလားအပ်တဲ့ ကိစ္စမျိုးဆိုရင်တော့ ကန့်ကွက်တာမျိုးတွေရှိပါတယ်။ ဒါက ကန့်ကွက်ရမှာပဲလေ။ ဥပမာ သံလွင်တံတားတို့ ဘာတို့ဆိုရင်ပေါ့။ ဒါက နာမည်ပေးတာတွေ ဘာတွေဆိုက အငြင်းပွားဖွယ်ရာ သေးသေးလေးကအစ အဲဒီလိုမျိုးတွေဖြစ်လာတဲ့ အခါကျတော့ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ UNA ကကန့်ကွက်တာပေါ့။ ဒီတံတားနာမည်မပြောင်းဖို့တို့ ဘာတို့ပေါ့။ ဒါပေမဲ့ သမ္မတရွေးတဲ့နေရာတို့ ဘာတို့မှာတော့ ကျွန်တော်တို့ UNA ကကိုယ်စားလှယ်တွေလည်း ထောက်ခံတာပဲလေ။ ဆိုတော့ သူ့အပိုင်းနဲ့သူပေါ့ အားလုံးကိုထောက်ခံတယ်။ အားလုံးကို ဆန့်ကျင်တယ်လည်းမရှိပါဘူး။ အကြောင်းအရာအလိုက်အပါ်မှာတော့ မူတည်သေးတာပေါ့။ ကျွန်တော်တို့ဘက်ကတော့ အချိန်မရွေးအဆင်သင့်ပါပဲ။ အခုကြွေးကြော်ထားတာ စုပေါင်းအင်အားလေ။ စုပေါင်းအင်အားဆိုတော့ ဘယ်လိုစုမလဲတော့ မသိသေးဘူး” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ထို့ပြင် လက်ရှိတွင်ရွေးချယ်တင်မြောက်ခြင်း ခံထားရသည့် နိုင်ငံတော်သမ္မတသည်လည်း မိမိတို့နှင့်အတူ မိုးထဲရေထဲအချိန် ကာလများကတည်းက လက်တွဲလာခဲ့သည့် မိတ်ဆွေဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများတွင် များစွာရုန်းကန်ရန် လိုအပ်မည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်သွားခြင်းထက် စုပေါင်းအင်အားဖြင့် လုပ်ဆောင်လိမ့်မည်ဟု ထင်မြင်မိကြောင်း၊ ထို့အတွက် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်နည်းလုပ်ဟန်၊ စနစ်များပြောင်းလဲရန် လိုအပ်မည်ဖြစ်ကြောင်း ဦးစိုင်းညွန့်လွင်က သုံးသပ်ပြောကြားသည်။

ဆက်လက်၍ “ကျွန်တော်တို့ အကြံပြုချင်တာကတော့ မိတ်ဆွေပါတီတွေရှိတယ်။ မိတ်ဆွေနိုင်ငံရေးသမားတွေရှိတယ်။ ဒီနေ့အထိ ဝန်းရံနေတုန်းပဲ။ ဒီနေ့အထိ အားပေးနေတုန်းပဲ အစိုးရအပေါ်ကို ဒီဟာတွေကို အလဟသမဖြစ်စေချင်ဘူး။ မဖြုန်းတီးပစ်လိုက်စေချင်ဘူး။ ဒီလောက်ပဲပြောချင်ပါတယ်” ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

Most Read

Most Recent