စစ်ဥပဒေချိုးဖောက်မှုနှင့် မတရားနှိပ်စက်မှုပြုလုပ်ခဲ့သော ‘ဝ’ အဖွဲ့ဝင် စစ်အရာရှိတစ်ဦးအား ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) က ထောင်ဒဏ်ခုနစ်နှစ်နှင့် ငွေဒဏ်ချမှတ်

စစ်ဥပဒေချိုးဖောက်မှုနှင့် မတရားနှိပ်စက်မှုပြုလုပ်ခဲ့သော ‘ဝ’ အဖွဲ့ဝင် စစ်အရာရှိတစ်ဦးအား ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) က ထောင်ဒဏ်ခုနစ်နှစ်နှင့် ငွေဒဏ်ချမှတ်
Published 8 April 2018

စစ်ဥပဒေချိုးဖောက်မှုနှင့် မတရားနှိပ်စက်မှုပြုလုပ်ခဲ့သော ‘ဝ’ အဖွဲ့ဝင် စစ်အရာရှိတစ်ဦးအား ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) က ထောင်ဒဏ် ခုနစ်နှစ်နှင့် ငွေဒဏ်များချမှတ်ကြောင်း UWSP/UWSA ၏ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက ဧပြီ ၇ ရက်တွင် ပြောကြားသည်။

ဖြစ်စဉ်မှာ အဆိုပါအရာရှိ၏ လက်အောက်ငယ်သား တပ်ဖွဲ့ဝင်များသည် ၎င်းထံမှ ငွေအချို့ခိုးယူခဲ့၍ လက်အောက်ငယ်သား တပ်ဖွဲ့ဝင်များအား ‘ဝ’ လက်နက်ကိုင်အဖွဲ့၏ တရားရေးဌာနနှင့် ရဲဌာနသို့ အပ်နှံခဲ့ခြင်းမရှိဘဲ ၎င်းကိုယ်တိုင် စစ်ကြောမေးမြန်းပြီး မတရားနှိပ်စက်ခဲ့ကြောင်း၊ သို့ဖြစ်၍ ‘ဝ’ လက်နက်ကိုင်အဖွဲ့၏ ဒုတိယစစ်သေနာပတိချုပ် ဦးတာ့ကလွယ် (ကျောက်ကျုံးတန်း) က စစ်ခုံရုံးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် စစ်အရာရှိအား ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း ဦးညီရန်းက ဆိုသည်။

“ဟုတ်တယ်။ ကျွန်တော်တို့ စစ်အရာရှိတစ်ယောက်ပေါ့နော်။ သူ့ရဲ့ ကိုယ်ပိုင်ငွေ သူရဲ့လက်အောက်ငယ်သားတချို့ ခိုးတဲ့အမှုဖြစ်တယ်။ အဲဒါ သူက တရားရေးဌာနတို့၊ ရဲဌာနတို့ အပ်တာမရှိဘဲနဲ့ သူ့ဟာသူ စစ်ကြောမေးမြန်းပြီးမှ ရိုက်နှက်တာတို့ အဲဒီလိုမျိုးဖြစ်ခဲ့တဲ့ကိစ္စပါ။ သူ့ရဲ့ငွေကို ခိုးတဲ့လူကို ဖမ်းပြီးမှ စစ်ကြောမေးမြန်းတာလေ” ဟု ဦးညီရန်းက ပြောကြားသည်။

စစ်ခုံရုံးအဖွဲ့တွင် “ဝ” အဖွဲ့၏ ဒုတိယစစ်သေနာပတိချုပ်အပါအဝင် ရဲချုပ်၊ နိုင်ငံရေးဌာနအကြီးအကဲနှင့် စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲတို့ပါဝင်ပြီး ဧပြီ ၁ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း ဦးညီရန်းက ပြောကြားသည်။

“မတရားနှိပ်စက်ခံရတာကတော့ ကျွန်တော်သိသလောက် သုံးလေးယောက်လောက် ရှိမယ်ထင်တယ်။ ငွေဒဏ်က တစ်ယောက်ကို ငါးသိန်းလို့ ပြောသံကြားတယ်။ မြန်မာငွေ သိန်းတစ်ထောင်ပေါ့နော်။ အဲဒီလို ဒဏ်ရာရတဲ့လူတွေကိုလည်း ဆေးဝါးကုသမှုတွေ အားလုံးတာဝန်ယူရမယ် စသဖြင့်တွေ ပါပါတယ်” ဟု ဦးညီရန်းက ပြောကြားသည်။

“ဝ” အဖွဲ့၏ တရားစီရင်ရေးစနစ်တွင် စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးနှင့် အရပ်ဘက်ဆိုင်ရာ တရားစီရင်ရေးဟူ၍ နှစ်မျိုးရှိကြောင်း ဦးညီရန်းက ပြောကြားသည်။

“ကျွန်တော်တို့စစ်အရာရှိတွေ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်တယ်ဆိုလို့ရှိရင်တော့ စစ်ဥပဒေအရ စစ်ခုံရုံးဖွဲ့ပြီးမှ စစ်ဆေးလေ့ရှိတယ်။ သာမန်အရပ်သားတွေဆိုရင်တော့ ရိုးရိုးတရားရုံးတွေမှာပေါ့နော်။ အဲဒါမျိုး အပြစ်ဒဏ်ချမှတ်တာတို့ ရှိပါတယ်။ ဥပမာ လူသတ်မှုတို့၊ ဘာတို့။ လူသတ်မှုကတော့ ကျွန်တော်တို့ “ဝ” ပြည်မှာ တော်တော်များများတော့ သေဒဏ်ပဲများတယ်နော်။ သေဒဏ်ချမှတ်တယ်ဆိုတာကလည်း ကျွန်တော်တို့ငြိမ်းချမ်းရေးယူပြီးကတည်းက ကျွန်တော်တို့ “ဝ” ပြည်နယ်ရဲ့ အမြင့်ဆုံးတရားရုံးအထိ အဆင့်ဆင့်စစ်ဆေးမှုတွေလုပ်ပြီးမှ အများပြည်သူရှေ့မှာ ချပြတယ်။ အဲဒီလိုမျိုးတွေရှိတယ်။ အခုဆို ရှယ်မီဒီယာတွေ ဖွံ့ဖြိုးတိုးတက်မှပဲ လူတွေက ခုမှပဲတွေ့ကြတယ်နော်။ ကျွန်တော်တို့ စီရင်တယ်ဆိုတာက ပြစ်ဒဏ်ချမှတ်တယ်ဆိုတာက အစကတည်းက နှစ် ၂၀ ကျော်ပါပြီ။ အဲဒါကို တချို့မီဒီယာတွေ၊ တချို့လေ့လာသုံးသပ်တဲ့လူတွေက နိုင်ငံတော်အစိုးရကိုပဲ လုပ်ပြသလိုလို ဘာလိုလို အဲဒီလိုမျိုးအဓိပ္ပာယ်ဖွင့်ဆိုတာ အဲဒါမှားပါတယ်နော်။ ကျွန်တော်တို့ ဒါမျိုးလုပ်တယ်ဆိုတာက ကျွန်တော်တို့လက်ရှိ “ဝ” ပြည်နယ်ရဲ့ အခြေခံဥပဒေဆိုတာလည်း ရှိတယ်နော်။ တချို့မသိတဲ့အခါကျတော့ “ဝ” ပြည်ကပဲ တရားဥပဒေစိုးမိုးမှု မရှိသလိုလို၊ ပစ်စလက်ခတ် ပေါက်ကရ လျှောက်လုပ်သလိုလို အဲဒါမျိုးတွေ၊ အမြင်တွေမရှိစေချင်တဲ့သဘောမျိုးနဲ့လည်း ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ “ဝ” ပြည်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံတော်အစိုးရရဲ့ နတလရယ်၊ ကျန်းမာရေး၊ ပညာရေးပဲရှိတယ်။ ကျန်တဲ့အုပ်ချုပ်မှု ယန္တရားတွေအားလုံး ကျွန်တော်တို့ပြည်နယ်က ကျွန်တော်တို့လူမျိုးပဲ များပါတယ်” ဟု ဦးညီရန်းက ပြောကြားသည်။

အလားတူ “ဝ” အဖွဲ့ထိန်းချုပ်ထားသည့် ဒေသတွင် လူသတ်မှုကျူးလွန်သူနှစ်ဦးအား ပြီးခဲ့သည့် မတ် ၄ ရက်က သေဒဏ်ချမှတ်ခဲ့သည်။

ယင်းကဲ့သို့ သေဒဏ်ပေးခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိသလို တည်ဆဲဥပဒေများနှင့်လည်း ကိုက်ညီခြင်းမရှိကြောင်း ဥပဒေရေးရာကျွမ်းကျင်သူများက ဝေဖန်ခဲ့ကြသည်။

UWSP/UWSA အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည်မှာ နှစ် ၂၀ ကျော် ကြာမြင့်ပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင်လည်း အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး ထပ်မံပြုလုပ်ထားသည်။ ယခုလက်ရှိတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး (NC) ကို လက်ခံသော်လည်း စာချုပ်သဘောဆောင်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်ခံသည်ဟု မှတ်ယူ၍မရကြောင်း “ဝ” အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် UWSP/UWSA သည် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ၏ အဖွဲ့ဝင်သည်။ အဆိုပါကော်မတီအနေဖြင့် ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးတက်ရောက်ရန် အစိုးရ၏ တရားဝင်ဖိတ်ကြားလွှာကိုရရှိပါက FPNCC အဖွဲ့ဝင်အားလုံး စုံစုံညီညီတက်ရောက်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

Most Read

Most Recent