မြန်မာနိုင်ငံတွ င်ကျင့်သုံးနေသည့် မြေအရင်းအမြစ်ဥပဒေများနှင့် စီမံခန့်ခွဲပုံအချို့မှာ သက်တမ်း နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်၍ ခေတ်အခြေအနေနှင့်ကိုက်ညီပြီး တရားမျှတမှုရှုထောင့်များဖြင့် ပြင်ဆင်ရန်လိုအပ်ဟု အကြံပြု

မြန်မာနိုင်ငံတွ င်ကျင့်သုံးနေသည့် မြေအရင်းအမြစ်ဥပဒေများနှင့် စီမံခန့်ခွဲပုံအချို့မှာ သက်တမ်း နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်၍ ခေတ်အခြေအနေနှင့်ကိုက်ညီပြီး တရားမျှတမှုရှုထောင့်များဖြင့် ပြင်ဆင်ရန်လိုအပ်ဟု အကြံပြု
Published 8 April 2018

မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် မြေအရင်းအမြစ်ဥပဒေများနှင့် စီမံခန့်ခွဲပုံအချို့မှာ သက်တမ်း နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်၍ ခေတ်အခြေအနေနှင့်ကိုက်ညီပြီး တရားမျှတမှုရှုထောင့်များဖြင့် ပြင်ဆင်ရန်လိုအပ်ကြောင်း အကြံပြုမှုများရှိနေသည်။ နေပြည်တော်တွင် ဧပြီ ၆ ရက်က အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပထမအကြိမ် အစည်းအဝေးကိုကျင်းပခဲ့ပြီး အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့သည်။

အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြေအသုံးချမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ၊ မြေပုံများ တိကျပြည့်စုံမှုမရှိခြင်းကြောင့် စီမံခန့်ခွဲသူများနှင့် ပြည်သူများအကြား လုပ်ကိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် အငြင်းပွားခြင်း၊ မြေမဲ့ယာမဲ့နှင့် မြေကျူးကျော်မှုများဖြစ်ပွားခြင်း စသော မြေယာပြဿနာများကို ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် မြေနှင့်ဆက်စပ်ပြီး စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်နေသည့် အစိုးရဌာန၊ အဖွဲ့အစည်းများရှိပြီး အဆိုပါဌာနအဖွဲ့အစည်းများက ပြဋ္ဌာန်းကျင့်သုံးနေသည့် မြေနှင့်ဆက်စပ်သည့်ဥပဒေများ သဟဇာတဖြစ်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် မြေအရင်းအမြစ်ဥပဒေများနှင့် စီမံခန့်ခွဲပုံအချို့မှာ သက်တမ်းနှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်၍ ယနေ့ခေတ်၏အခြေအနေများနှင့် ကိုက်ညီဆီလျော်မှု၊ လူထုအကျိုးစီးပွားသယ်ပိုးနိုင်မှု၊ တရားမျှတမှု ရှုထောင့်များမှနေ၍ အလေးထားဆန်းစစ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ အင်္ဂလိပ်လက်ထက်ကတည်းကိုက မြေနဲ့ပတ်သက်လို့ အောက်မြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေ၊ အထက်ပါမြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေဆိုတာရှိတယ်။ အင်္ဂလိပ်ခေတ်က ဥပဒေတွေပေါ့။ နောက်ပြီးတော့ မြေသိမ်းတဲ့ဥပဒေတွေရှိတယ်။ ပြောသလိုပဲ အဲဒါတွေက နှစ်ကရာချီနေပြီ။ နောက်တစ်ခု မြေနဲ့ပတ်သက်လို့ လယ်ယာမြေရှိတယ်။ သစ်တောမြေရှိတယ် အစရှိသဖြင့် မြေတွေအများကြီးရှိတယ်” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ထန်းတပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောကြားသည်။

လက်ရှိတွင် အောက်မြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေ၊ အထက်ပါမြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေ စသည့်ဥပဒေများကို ပြန်လည်လေ့လာပြီး ကိုင်တွယ်ရန်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးနေမျိုးထွန်းက ပြောကြားသည်။

“အဲဒီတော့ နိုင်ငံတကာမှာ မူအရဆိုရင် တခြားနိုင်ငံတွေမှာဆိုရင် Land အာဏာပိုင် အဖွဲ့အစည်းပေါ့။ မြေနဲ့ပတ်သက်တဲ့ အာဏာပိုင်အဖွဲ့အစည်းက တစ်ခုပဲရှိတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ဝန်ကြီးဌာန Land Ministery တောင်ထားတယ်ဗျာ။ အခုဟာက ကျွန်တော်တို့နိုင်ငံမှာက ရှုပ်နေတာကသိတဲ့အတိုင်းပဲ။ မြို့ပေါ်မှာဆိုလို့ရှိရင် ဂရန်မြေ၊ ပါမစ်မြေ၊ နောက်ပြီးကျတော့ ဘိုးဘွားပိုင်မြေ၊ မြေတွေက အများကြီးရှိတယ်” ဟု ဦးနေမျိုးထွန်းက ပြောကြားသည်။

မြေယာမူဝါဒများ၊ မြေနှင့်ပတ်သက်သည့် ဥပဒေများကိုလည်း ပြောင်းလဲပြင်ဆင်ရန်လိုကြောင်း ဦးနေမျိုးထွန်းက ပြောကြားသည်။

“အဲဒါတွေကို တစုတစည်းတည်းရှိဖို့လိုပြီ။ လိုတော့ ယခင်အစိုးရလက်ထက်နဲ့ ကျွန်တော်တို့အစိုးရလက်ထက် အပြောင်းအလဲမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ မြေယာမူဝါဒဆိုပြီး ချသွားတာရှိတယ်။ မြေယာမူဝါဒမှာ တချို့နေရာလေးတွေ ကောင်းပါတယ်။ အဲဒီတော့ ပြောချင်တာက မြေယာမူဝါဒကိုလည်းချဖို့လိုတယ်။ မြေနဲ့ပတ်သက်လို့ စီမံခန့်ခွဲတဲ့နေရာမှာလည်း တသီးတခြားရှိဖို့လည်းလိုတယ်။ နိုင်ငံတော်အကျိုးအတွက်ဆိုရင် သစ်တောမြေကို ဘယ်လိုလုပ်မလဲ။ မြေယာတွေနဲ့ပတ်သက်လို့ နိုင်ငံတော်ပိုင်တဲ့ မြေယာမှန်သမျှကို မြေယာပိုင်အဖွဲ့အစည်းတစ်ခုတည်းကပဲ ဆောင်ရွက်တာအကောင်းဆုံးလို့ ကျွန်တော်ထင်တယ်” ဟု ဦးနေမျိုးထွန်းက သုံးသပ်ပြောကြားသည်။

မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည့် လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး အဆိုပါဥပဒေများကို လွှမ်းခြုံသည့် သဟဇာတဖြစ်မည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

“မြေနဲ့ပတ်သက်လို့ Mother Law ပေါ့။ အဲဒါတစ်ခုတင်ဖို့အတွက်ကို သူတို့ကြိုးစားနေတာတွေရှိတယ်။ လွှတ်တော်မှာလည်း လာပြီးတော့မှ မြေယာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ မြေစာရင်းဦးစီးဌာန အငြိမ်းစားပညာရှင်တွေပေါ့။ နောက်တစ်ခါ ဥပဒေအကြံပေးကော်မရှင်တို့၊ ဘာတို့နဲ့ ဆွေးနွေးနေတာတွေလည်း ကြုံခဲ့ရတယ်ဆိုတော့ အဲဒါကမလုပ်လို့မဖြစ်ဘူး။ မှန်ပါတယ်။ ဒုတိယသမ္မတပြောတာ မှန်ပါတယ်။ မြေယာနဲ့ပတ်သက်လို့ အင်္ဂလိပ်ခေတ်ကတည်းက ပြဋ္ဌာန်းထားတာတွေက ဒီနေ့ခေတ်ဥပဒေနဲ့ မညီတာတွေလည်းရှိတယ်” ဟု လက်ပံတန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက ပြောကြားသည်။

မြေယာပြဿနာများနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ ရောက်ရှိသည့် တိုင်ကြားစာအမှုတွဲပေါင်း ၆၃၂၀ မှုရှိပြီး ဗဟိုကော်မတီ၏စိစစ်မှုများအရ တိုင်ကြားစာအမှုတွဲ ၆၆၉ မှုသာ ဖြေရှင်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent