ဦးတီခွန်မြတ်နှင့် ဦးဝင်းမြင့်တို့၏ ရာထူးအပြောင်းအလဲနှင့်ပတ်သက်ပြီး လွန်ခဲ့သည့် နှစ်လခန့်ကတည်းက တိုင်ပင်ပြီးသားဖြစ်ကြောင်းနှင့် လွှတ်တော်ပိုင်းတွင် အားနည်းသွားနိုင်ကြောင်း ဦးဝင်းထိန်ပြောကြား

ဦးတီခွန်မြတ်နှင့် ဦးဝင်းမြင့်တို့၏ ရာထူးအပြောင်းအလဲနှင့်ပတ်သက်ပြီး လွန်ခဲ့သည့် နှစ်လခန့်ကတည်းက တိုင်ပင်ပြီးသားဖြစ်ကြောင်းနှင့် လွှတ်တော်ပိုင်းတွင် အားနည်းသွားနိုင်ကြောင်း ဦးဝင်းထိန်ပြောကြား
Published 25 March 2018

မတ်လ ၂၄ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် NLD ပါတီ၏ လစဉ်ပြုလုပ်နေကျဖြစ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ဦးဝင်းထိန်အား တွေ့ရစဉ်

ဦးတီခွန်မြတ်နှင့် ဦးဝင်းမြင့်တို့၏ ရာထူးအပြောင်းအလဲနှင့်ပတ်သက်ပြီး လွန်ခဲ့သည့်နှစ်လခန့်ကတည်းက တိုင်ပင်ပြီးသားဖြစ်ကြောင်းနှင့် လွှတ်တော်ပိုင်းတွင်အားနည်းသွားနိုင်ကြောင်း ဦးဝင်းထိန်က ပြောကြားခဲ့သည်။

မတ်လ ၂၄ ရက်နေ့ကတွင် နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လစဉ်ပြုလုပ်နေကျဖြစ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုများအား ဦးဝင်းထိန်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်များက ဦးဝင်းထိန်နှုတ်ထွက်စာတင်ခဲ့ခြင်းကိစ္စ၊ ဦးဝင်းမြင့်သမ္မတဖြစ်မည့် ကိစ္စများနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။ အဆိုပါမေးမြန်းမှုအား ဦးဝင်းထိန်က ''နှုတ်ထွက်စာတင်တာမှန်တယ်။ ဒေါ်စုက လက်မခံလို့ပြန်လာတာ။ အရင်တာဝန်ပြန်ထမ်းဆောင်လာမှာလား။ ဒေါ်စုခေါ်လို့ပြန်လာတာဆိုတော့ စီအီးစီတက်နေပြီပဲ။ အဲ့မေးခွန်းမေးစရာမလိုဘူး။

ဦးတီခွန်မြတ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ်ဆိုတာ သြစတြေးလျမသွားခင်ကတည်းက သိထားပြီးသား။ အသက်က ၈၀ နားကပ်နေပြီ။ ပြဿနာတွေကို ရှင်းရတဲ့အခါမှာ ဒေါ်သထွက်တယ်။ ပြောရတယ်၊ ဆိုရတယ်။ သြစတြေးလျရောက်တော့ ပြန်စဉ်းစားတဲ့အခါမှာ အကုသိုလ်အရမ်းများတယ်။ မတော်လို့တစ်ခုခုဖြစ်သွားရင် အပယ်လားမှာ။ အပယ်တော့ အလားမခံနိုင်ဘူး။ ထွက်မယ်ဆိုပြီးတော့မှ ဘာမှမလိုချင်ပဲထွက်သွားတာ။ လောလာဆယ်တော့ ဒီအတိုင်းပဲ။

ဦးဝင်းမြင့်သမ္မတဖြစ်မယ်လို့ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက သိပြီးသား။ တိုင်ပင်ပြီးသား။ ဘာလို့လည်းဆိုတော့ ဦးထင်ကျော် နေမကောင်းဘူး။ အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်တယ်။ ဦးထင်ကျော်ကလည်း သူ့ကျန်းမာရေးအရ ထွက်ချင်တယ်။ ထွက်တာကတော့ ကျန်းမာရေးအကြောင်းတော့မပြဘူး။ သူ့ဘာသူထွက်တဲ့ ပုံစံမျိုးပေါ့။ ဦးဝင်းမြင့်သမ္မတဖြစ်သွားရင် လွှတ်တော်မှာတော့ အားနည်းသွားတာပေါ့။ သူက ဥပဒေနားလည်တယ်"ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

မတ်လ ၂၄ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် NLD ပါတီ၏ လစဉ်ပြုလုပ်နေကျဖြစ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ဒေါက်တာမျိုးညွန့်အား တွေ့ရစဉ်

ပါတီအနေဖြင့် သမ္မတအပြောင်းအလဲ၊ ဥက္ကဋ္ဌအပြောင်းအလဲတွေမှာ ပြည်သူတွေကို ချမပြခဲ့တာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် မေးမြန်းမှုအပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က''ကျွန်တော်တို့ ရပ်တည်နေရတာ အင်မတန် အခက်အခဲတွေ ရှိနေပါတယ်။ တချို့သတင်းတွေဟာ ကြိုတင်သိသွားရင်ရည်ရွယ်တဲ့ အချက်မမြောက်ဘဲ မထင်မှတ်တဲ့အချက်တွေ ပေါ်ပေါက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စောစောသိသင့်တယ်ဆိုရင် စောစောအကြောင်းပြန်ပါ့မယ်။ စိစစ်ရမယ်။ ထိန်းသိမ်းရမယ်ဆိုရင်တော့ နောက်ကျတာကိုတော့ နားလည်စေချင်ပါတယ်။ အခုဆိုအစည်းအဝေးပြီးရင် တရားဝင်ပြောရေးဆိုခွင့်ရှိသူက ပြောပါမယ်။

ပြည်သူတွေသိအောင် ဒီလမ်းကြောင်းကနေသွားပါမယ်။ ဦးဝင်းမြင့်ရဲ့ ရာထူးအပြောင်းအလဲက လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စပါ။ ဒါကြောင့် လွှတ်တော်နဲ့အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ဆုံးဖြတ်မှာပါ။ ပါတီပိုင်းကိုတော့ ပါတီတာဝန်ရှိသူတွေ ဆုံးဖြတ်မှာပါ။ အချိန်စောစောကြိုအသိပေးနိုင်ဖို့ ကြိုးစားပါမယ်။ ဦးဝင်းထိန်ရဲ့ ကိစ္စကတော့ သူရဲ့သဘောထား ဆုံးဖြတ်ချက်အတိုင်းပါ။ ပါတီရဲ့ညီလာခံက ဇွန်၊ ဇူလိုင်လောက် ခန့်မှန်းထားတယ်။ အဲ့ဒီညီလာခံမှာတော့ ပါတီအောက်ခြေကနေ အထက်ထိ ပြန်ရွေးတာတွေရှိမှာပါ"ဟု ပြောကြားခဲ့သည်။ ဦးတီခွန်မြတ်ရဲ့ လုပ်ဆောင်ချက်တွေက ပါတီရဲ့ မူဝါဒနဲ့ဆန့်ကျင်နေရင် ဘယ်လိုလုပ်သွားမလည်းဆိုသည့် မေးမြန်းချက်အား''ဒါကတော့ စဉ်းစားရမယ့်အချက်ပါ။ သို့သော်လည်း ကျွန်တော်တို့စဉ်းစားရမယ့် အချက်ကလွှတ်တော်အတွင်းမှာ ကျွန်တေ်ာတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်အများစု နေရာယူထားပါတယ်။ ဒီအင်အားနဲ့ ချိန်ညှိထိန်းကျောင်းမှာပါ "ဟု ဒေါက်တာမျိုးညွန့်က ဖြေကြားခဲ့သည်။ ဦးဝင်းထိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် တာဝန်ထမ်းဆောင်နေရာမှာ ၂၀၁၈ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် သြစတြေးလျနိုင်ငံရှိ သူ၏သမီးဖြစ်သူထံ ထွက်ခွါသွားပြီး ပါတီတာဝန်မှ နှုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ကြောင်း၊ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က လက်မခံသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

Most Read

Most Recent