ဒုတိယ သမ္မတလောင်းရွေးချယ်ရေး အစည်းအဝေး ခေတ္တရပ်နားပြီး မွန်းလွဲပိုင်းတွင် ဆက်လက်ပြုလုပ်မည်

ဒုတိယ သမ္မတလောင်းရွေးချယ်ရေး အစည်းအဝေး ခေတ္တရပ်နားပြီး မွန်းလွဲပိုင်းတွင် ဆက်လက်ပြုလုပ်မည်
Published 23 March 2018

နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အား တွေ့ရစဉ်

ဒုတိယ သမ္မတလောင်းရွေးချယ်ရန် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို ယနေ့ (မတ်လ ၂၃ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး အစည်းအဝေး ပထမပိုင်း အစီအစဉ်တွင် ဒုတိယသမ္မတလောင်းများ အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဒုတိယသမ္မတလောင်းများအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း)နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးတို့အား သက်ဆိုင်ရာပါတီ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီက အဆိုပြု တင်ပြထားသည်။

ထို့နောက် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မောက်မယ်ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းငေါင်းဆိုင်ဟိန်းတို့အား သက်ဆိုင်ရာပါတီ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီက အဆိုပြုတင်ပြခဲ့ပြီး သက်ဆိုင်ရာပါတီ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီက ထောက်ခံခဲ့သဖြင့် စက်ခလုပ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ခဲ့သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများသည့် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အား နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ဒုတိယသမ္မတလောင်း အဆိုပြုလွှာနှင့် ဒုတိယသမ္မတလောင်းများ အမည်စာရင်းပြုစုရန် အစည်းအဝေး ပထမပိုင်းအား ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

 

 

 

Most Read

Most Recent