နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း ခရီးဝေးလေယာဉ်ခရီးစဉ်နှင့် သင်္ဘောခရီးစဉ်များကြောင့် မူးဝေမှုခံစားခဲ့ရသည့်အပြင် မြန်မာနိုင်ငံသို့ အပြန်ခရီးစဉ်အတွက် အနားယူရန်လိုအပ်သဖြင့် တွေ့ဆုံမှုအစီအစဉ်အချို့ ဖျက်သိမ်းခဲ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း ခရီးဝေးလေယာဉ်ခရီးစဉ်နှင့် သင်္ဘောခရီးစဉ်များကြောင့် မူးဝေမှုခံစားခဲ့ရသည့်အပြင် မြန်မာနိုင်ငံသို့ အပြန်ခရီးစဉ်အတွက် အနားယူရန်လိုအပ်သဖြင့် တွေ့ဆုံမှုအစီအစဉ်အချို့ ဖျက်သိမ်းခဲ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 22 March 2018

Photo: Ministry of Foreign Affairs Myanmar

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း ခရီးဝေးလေယာဉ်ခရီးစဉ်နှင့် သင်္ဘောခရီးစဉ်များကြောင့် မူးဝေမှုခံစားခဲ့ရသည့်အပြင် မြန်မာနိုင်ငံသို့ အပြန်ခရီးစဉ်အတွက် အနားယူရန်လိုအပ်သဖြင့် တွေ့ဆုံမှုအစီအစဉ်အချို့ ဖျက်သိမ်းခဲ့ရကြောင်း မတ် ၂၁ ရက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သြစတြေးလျနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သြစတြေးလျနိုင်ငံ တရားဝင်ချစ်ကြည်ရေးခရီးစဉ်၏ အဓိကအစီအစဉ်များကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်းလည်း ရေးသားထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သြစတြေးလျနိုင်ငံ၌ ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေး တက်ရောက်ခြင်းနှင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွက် မတ် ၁၇ ရက်မှ ၂၀ ရက်အထိ သြစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ မတ် ၁၇ ရက်မှ ၁၈ ရက်အထိကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေး၊ အာဆီယံ-သြစတြေးလျ သီးသန့်အထူးထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်ကိစ္စအပါအဝင် စိန်ခေါ်မှုများ၏ သိမ်မွေ့နက်နဲမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါစိန်ခေါ်မှုများ ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ ဦးဆောင်ကြိုးပမ်းအားထုတ်မှု လုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စများတွင် အပြုသဘောပါဝင်ကူညီပံ့ပိုးကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo: Ministry of Foreign Affairs Myanmar

ထို့ပြင် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့ကြီးနှင့် သြစတြေးလျနိုင်ငံတို့အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြစတြေးလျနိုင်ငံတွင် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွက် မတ် ၁၈ ရက်ညနေပိုင်းတွင် ကင်ဘာရာမြို့သို့ ဆက်လက်သွားရောက်ခဲ့ပြီး မတ် ၁၉ ရက် နံနက်ပိုင်းတွင် သြစတြေးလျဝန်ကြီး မစ္စတာမယ်လ်ကွန်တန်ဘယ်လ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်ပြုကြိုဆိုပွဲဖြင့် ကြိုဆိုခဲ့ကာ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ ပညာရေးကဏ္ဍအပါအဝင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်ပြည်နယ်အရေးကိစ္စတွင် သြစတြေးလျနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent