ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တတိယနှင့် စတုတ္ထပုံမှန်အစည်းအဝေးများတွင် အစိုးရအဖွဲ့၏ ကတိကဝတ်များအနက် လုပ်ငန်းအကောင်အထည် မဖော်နိုင်သေးသည်များ ကျန်ရှိနေကြောင်း သိရ

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တတိယနှင့် စတုတ္ထပုံမှန်အစည်းအဝေးများတွင် အစိုးရအဖွဲ့၏ ကတိကဝတ်များအနက် လုပ်ငန်းအကောင်အထည် မဖော်နိုင်သေးသည်များ ကျန်ရှိနေကြောင်း သိရ
Published 22 March 2018

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တတိယနှင့် စတုတ္ထပုံမှန်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းခဲ့ပြီး အစိုးရအဖွဲ့မှ ကတိကဝတ်ပြုခဲ့သည့် ကတိကဝတ်များအနက် လုပ်ငန်းအကောင်အထည် မဖော်နိုင်သေးသည့် ကတိကဝတ်များစွာ ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။

မတ် ၂၁ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် လွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏အာမခံချက်များ ကတိများ တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ လွှတ်တော်တတိယနှင့် စတုတ္ထပုံမှန်အစည်းများတွင် အစိုးရအဖွဲ့မှ ကတိကဝတ်ပြုခဲ့သည့် လုပ်ငန်းများကို မည်မျှအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို စိစစ်တွေ့ရှိချက် အစီရင်ခံစာတင်သွင်းရာတွင် အစိုးရအဖွဲ့နေဖြင့် တတိယပုံမှန်အစည်းအဝေး၌ ကတိကဝတ်ပြုခဲ့သည့် လုပ်ငန်းများအနက် ၆၆ ဒသမ ၆ ရာခိုင်နှုန်း၊ စတုတ္ထပုံမှန်အစည်းအဝေး၌ ကတိကဝတ်ပြုခဲ့သည့် လုပ်ငန်းများအနက် ၇၆ ဒသမ ၉ ရာခိုင်နှုန်းသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သေးကြောင်း သိရသည်။

“ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့် မေးခွန်းများနှင့် အဆိုများအပေါ် ကတိကဝတ်ပြုခဲ့သည့်မေးခွန်း ၁၅ ခု၊ အဆိုလေးခုရှိပြီး ဆောင်ရွက်ပြီးစီးသည့် မေးခွန်းကိုးခု ဆောင်ရွက်ရန် ကျန်မေးခွန်း ခြောက်ခုရှိပါသည်၊ စတုတ္ထပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့် မေးခွန်းနှင့်အဆိုများအပေါ် ကတိကဝတ်ဖြစ်ပေါ်မှု မေးခွန်း ၁၃ ခု ကတိကဝတ်မဝင်သည့် မေးခွန်းကိုးခု ရှိပါသည်၊ လုပ်ငန်းဆောင်ရွက်ပြီးစီးသည့် မေးခွန်း ၁၀ ခု၊ ဆောင်ရွက်ရန် ကျန်မေးခွန်းသုံးခုရှိရာ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရန်ကျန်ရှိနေပါသည်” ဟု လွှတ်တော်တရားစီရင်ရေး၊ ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏အာမခံချက်များ ကတိများ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးဖြိုးဇော်ရွှေက လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။

အစီရင်ခံစာတွင် ကတိကဝတ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များရှိနေခြင်းနှင့် ပတ်သက်၍ အစိုးရဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်းကြောင့် မလိုလားအပ်သော ပြဿနာများဖြစ်ပေါ်ခြင်း၊ ကြန့်ကြာခြင်းများ၊ ဥပဒေမဲ့ဆောင်ရွက်ချက်များအား အချိန်မီမဟန့်တားနိုင်ခြင်းတို့ကြောင့် ပြည်သူများ၏ အားမလိုအားမရ ဖြစ်ပေါ်စေခြင်းတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလေးထား ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းထားကြောင်း သိရသည်။

Most Read

Most Recent