၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိ ဗင်၊ ဆလွန်း၊ ဆီဒင်၊ ဝက်ဂွန်၊ Coupe အမျိုးအစား ကားများအပေါ် ကောက်ခံလျက်ရှိသည့် အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၂၀ အား ၁၀ ရာခိုင်နှုန်းသာ ကောက်ခံရန် ပြည်ထောင်စုလွှတ်တော် ပြင်ဆင်အတည်ပြု

၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိ ဗင်၊ ဆလွန်း၊ ဆီဒင်၊ ဝက်ဂွန်၊ Coupe အမျိုးအစား ကားများအပေါ် ကောက်ခံလျက်ရှိသည့် အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၂၀ အား ၁၀ ရာခိုင်နှုန်းသာ ကောက်ခံရန် ပြည်ထောင်စုလွှတ်တော် ပြင်ဆင်အတည်ပြု
Published 21 March 2018

၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်၊ ဝက်ဂွန်ကားများ၊ Coupe ကားများအား အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၂၀ မှ ၁၀ ရာခိုင်နှုန်းသို့ ပြင်ဆင်ကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

မတ် ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရာတွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း အခွန်ရာခိုင်နှုန်း လျှော့ချကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဥပဒေကြမ်း၏  အပိုဒ် ၁၁၊ အပိုဒ်ခွဲ(က)အပိုဒ်ခွဲ ငယ် (၃) ဇယားအမှတ်စဉ် ၁၅ (က)တွင် ဖော်ပြထားသည့် Double cab 4 Door Pickup မှ အပ ၁၅၀၁ စီစီမှ ၂၀၀၀ စီစီထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်၊ ဝက်ဂွန် (Estate Wagon) ကားများ၊ Coupe ကားများသည် ပြည်သူအများ ဝယ်ယူစီးနင်းနိုင်သည့် အိမ်သုံးကား အမျိုးအစားများ ဖြစ်သည့်အတွက် အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၂၀ ကျသင့်စေရမည့်အစား ၁၀ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်သင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ပြီး သဘောမတူသူ မရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါ ကားအမျိုးအစားများအား အခွန်ရာခိုင်နှုန်း လျှော့ချခဲ့သော်လည်း အထူးကုန်စည် အမျိုးအစားများ ဖြစ်သည့် Double cab 4 Door Pickup မှအပ ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ Coupe ကားများအား မူလပြဌာန်းချက်ဖြစ်သည့် အခွန်ရာခိုင်နှုန်း ၃၀၊ Double cab 4 Door Pickup မှအပ ၄၀၀၁ စီစီ နှင့်အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ Coupe ကားများအား အခွန်ရာခိုင်နှုန်း ၅၀ မူလဥပဒေကြမ်း အတိုင်းထားရှိကာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “ဒီကားအမျိုးအစားတွေကို အခွန်နှုန်း ၁၀ ရာခိုင်နှုန်း ဆိုတော့လည်း အခွန်မဆောင်ဘဲနဲ့ ရှိနေတဲ့ မော်တော်ကားတွေက ဒီလောက်ဆိုရင်တော့ အခွန်ဆောင်ဖို့ရာအတွက် ဝင်လာကြမယ်လို့ မျှော်လင့်ထားတယ်။ ဘာကြောင့်လဲဆိုရင် အပြင်မှာ အခွန်မဆောင်ဘဲနဲ့ ရှိနေတဲ့ကားတွေ အများကြီးပဲလေ။ အခွန်မဆောင်ဘဲရှိတာ။ ပြီးတော့ မှတ်ပုံတင်မလုပ်ဘဲနဲ့ ကားတွေလည်း ရှိနေတာပဲလေ။ ဒါတွေကတော့ ပြောမယ်ဆိုရင်တော့ ကားလောက အနေနဲ့ကလည်း အခွန်ဆောင်ချင်စိတ် ရှိလာတယ် ဆိုရင်တော့ ပိုပြီးအခွန်ရလာမယ်။ အခွန်နှုန်း လျှော့ပေးလိုက်တဲ့ အတွက်ကြောင့် ပိုပြီးအခွန်ပိုရလာမယ်လို့ မြင်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က “၁၅၀၁ စီစီကနေ ၂၀၀၀ စီစီထိဆိုတာက နိုင်ငံတွင်းမှာ အများဆုံး အိမ်စီးကားဖြစ်တယ်။ လူတွေအများဆုံး အသုံးပြုနေတာ ဖြစ်တယ်။ ဇိမ်ခံကားအမျိုး အစားထဲမှာ မပါဘူး။ လုပ်ငန်းသုံး၊ မိသားစုသုံးကားတွေ ဖြစ်နေတဲ့အတွက်ကြောင့် အထူးကုန်စည်ခွန်ကို ၁၀ ရာခိုင်နှုန်းကို လျှော့ချခဲ့တာ။ အဲဒီလို လျှော့ချလိုက်တဲ့အတွက် အခွန်တွေပိုရလာမယ်။ အခွန်ထမ်းဆောင်သူတွေ ပိုများလာမယ်။ ဇိမ်ခံကားတွေကို တတ်နိုင်လို့ ဝယ်စီးတဲ့သူတွေ အတွက်ကျတော့ အခွန်ပေးဖို့ အပန်းမကြီးလောက်ဘူး။ အဲ့ဒါကြောင့် ဇိမ်ခံကားတွေရဲ့ အခွန်ကို မလျှော့ဘဲ အရင်အတိုင်းပဲ ကောက်ခံဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent