အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ် ပြန်ကြားရေးကော်မတီများ ဆက်လက်ဖွဲ့စည်းမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ် ပြန်ကြားရေးကော်မတီများ ဆက်လက်ဖွဲ့စည်းမည်
Published 21 March 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ အစည်းအဝေးကို မတ် ၂၀ ရက်က ပြုလုပ်စဉ် (Photo: NLD Facebook)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်ပြန်ကြားရေးကော်မတီများ ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီအစည်းအဝေးကို မတ် ၂၀ ရက်က ရန်ကုန်မြို့ ပါတီဗဟိုရုံးချုပ်တွင် ပြုလုပ်ပြီး အဆိုပါအစည်းအဝေးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်ပြန်ကြားရေးကော်မတီများ ဆက်လက်ဖွဲ့စည်း လုပ်ဆောင်သွားရန်အတွက် အစည်းအဝေးဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ အတွင်းရေးမှူး မုံရွာအောင်ရှင်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ခရိုင်အဆင့်မြို့နယ်အဆင့် ပြန်ကြားရေးကော်မတီတွေ ဖွဲ့သွားဖို့ရှိတယ်။ အဲဒါကိုလည်း မကြာမီစာထွက်ပါမယ်။ ကျွန်တော်တို့ ဖွဲ့ပြီးတာနဲ့ သွားပြီးသင်ရမှာပေါ့လေ။ အခါတိုင်းကတော့ ရန်ကုန်ကိုခေါ်တယ်။ အခုကတော့ ရန်ကုန်ကိုမခေါ်တော့ဘူး။ ဒီကရှိတဲ့ ဆရာတွေ သွားသင်ပါလိမ့်မယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အကုန်လုံးမှာရှိတဲ့ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပြန်ကြားရေးကော်မတီတွေ ဖွဲ့စည်းသွားပါမယ်။ အရင်ဖွဲ့စည်းခိုင်းမယ်။ ပြီးမှ သူတို့ကိုသင်တန်းပေးရမယ်” ဟု အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားသည်။

ထို့ပြင် လက်ရှိဖွဲ့စည်းပြီးဖြစ်သည့် ခရိုင်၊ မြို့နယ်များစာရင်းများကို ဧပြီ ၃၀ ရက်နောက်ဆုံးထား၍ ပါတီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုပြန်ကြားရေးကော်မတီသို့ ပေးပို့အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

အစည်းဝေးတွင် “နံပါတ် (၁) ကတော့ ပြီးခဲ့တဲ့ တိုင်းနဲ့ပြည်နယ်ပြန်ကြားရေးမှူးများ သင်တန်းအတွက် ပြန်ပြီးတော့ သုံးသပ်ချက်နဲ့ ငွေစာရင်းရှင်းတမ်းလုပ်ရပါတယ်။ နံပါတ် (၂) ကတော့ လာမယ့်ဧပြီလကုန်မှာ ကျွန်တော်တို့ ခရိုင်နဲ့ မြို့နယ်ပြန်ကြားရေးမှူးတွေကို ကျွန်တော်တို့ကိုယ်တိုင်ပြည်နယ်နဲ့ တိုင်းတွေကိုသွားပြီးတော့ သင်ကြားပို့ချဖို့ပေါ့။ အဲဒီအစီအစဉ်လုပ်ပါတယ်။ နံပါတ် (၃) ကတော့ ကျွန်တော်တို့ရဲ့ပြန်ကြားရေးကို လိုအပ်တဲ့ Laptop တို့ဘာတို့ ပစ္စည်းတွေကို လာရောက်လှူဒါန်းတဲ့သူတွေကို လက်ခံတဲ့အခမ်းအနား လုပ်ပါတယ်။ ဒီလောက်ပါပဲ။ ဧပြီလအတွင်းမှာတော့ လုပ်ငန်းစဉ်တွေ ခဏနားဦးမယ်” ဟု မုံရွာအောင်ရှင်က ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ် ပြန်ကြားရေးကော်မတီများ ဖွဲ့စည်းခြင်းကို မေလတွင် ဆက်လက်ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်၍ သြင်္ကန်ကာလအပြီးတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြန်ကြားရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Myanmar World Distribution Co.,Ltd က Laptop ၁၇ လုံးကို ပါတီဗဟိုရုံးချုပ်သို့ လာရောက်လှူဒါန်းခဲ့ပြီး ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ အတွင်းရေးမှူး မုံရွာအောင်ရှင်နှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent