၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းပါ စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်ကောက်ခံမည့် ပုဒ်မအား ထည့်သွင်းမည်၊ မသွင်းမည်ကို ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုဆုံးဖြတ်မည်

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းပါ စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်ကောက်ခံမည့် ပုဒ်မအား ထည့်သွင်းမည်၊ မသွင်းမည်ကို ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုဆုံးဖြတ်မည်
Published 20 March 2018

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းပါ စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်ကောက်ခံမည့် ပုဒ်မအား ထည့်သွင်းမည်၊ မသွင်းမည်ကို ယနေ့ (မတ် ၂၀ ရက်) တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ (မတ် ၂၀ ရက်) တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီအစဉ်တွင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီ၏ ထပ်မံလေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်ပြခြင်း၊ စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်ကောက်ခံမည့်ပုဒ်မ အပါအဝင် ဥပဒေကြမ်း တစ်ခုလုံးနှင့် ပတ်သက်ပြီး တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်အဆုံးအဖြတ် ရယူခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီအစဉ် လျာထားချက်အရ သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက တင်သွင်းသည့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း၏ ပုဒ်မ ၂၅ တွင် စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများကို ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ စတင်အသက်ဝင်မည့် ဧပြီ ၁ ရက်မှစ၍ ပထမခြောက်လတွင် သုံးရာခိုင်နှုန်း၊ ဒုတိယခြောက်လတွင် ငါးရာခိုင်နှုန်း ကျသင့်စေရမည်ဟု ပါရှိပြီး အဆိုပါ ဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းရာ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်ကောက်ခံခြင်းကို သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းအစား အခန်းအသစ် တစ်ခုဖြင့် အကြောင်းအရာ သုံးမျိုးခွဲပြီး သုံးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ကောက်ခံရန် သဘောထားမှတ်ချက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ မတ် ၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးက ဆွေးနွေးခဲ့ပြီး စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်ကောက်ခံမည့်ပုဒ်မကို အခွန်အကောက် ဥပဒေကြမ်းမှ ပယ်ဖျက်ပြီး ဥပဒေအသစ် တစ်ခုအဖြစ် ပြဋ္ဌာန်းသင့်ကြောင်း ဆွေးနွေးမှုများအပြင် ဥပဒေကြမ်းပါ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်ကင်းလွတ်ခွင့် ပေးထားသည့် ပုဒ်မကို ကျင့်သုံးရန် မသင့်ကြောင်း ဆွေးနွေးမှုများလည်း ရှိခဲ့သည်။

ထို့ပြင် မတ် ၁၉ ရက်က ကျင်းပသည့်  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် ကိုယ်စားလှယ်များ၏ မူသဘော ဆွေးနွေးခြင်းများကို အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းရာတွင် အခွန်အကောက် ဥပဒေကြမ်းပါ ပုဒ်မ ၂၅ နှင့်ပတ်သက်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ရန် အဆိုပြုချက်များနှင့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်ကောက်ခံမည့် ပုဒ်မကို ပယ်ဖျက်ရန် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အား ရှင်းလင်းခဲ့ခြင်း မရှိဘဲ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်ကောက်ခံရသည့် ရည်ရွယ်ချက်ကိုသာ ရှင်းလင်းခဲ့သည်။

ထိုသို့ အခွန်အကောက် ဥပဒေကြမ်းအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ရှင်းလင်းရာတွင် ပုဒ်မ ၂၅ နှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြင်ဆင်ရန် အဆိုပြုထားသည့် အချက်များကို ရှင်းလင်းမှုများ ပြုလုပ်ခြင်း မရှိသည့်အတွက် အခွန်အကောက် ဥပဒေကြမ်းကို အတည်ပြုသည့်အခါ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအပေါ် အခွန်ကောက်ခံမည့် ပုဒ်မသည် ထည့်သွင်း အတည်မပြုနိုင်ကြောင်း ပုလဲမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က သုံးသပ်ပြောကြားသည်။

“စီမံဘဏ္ဍာဝန်ကြီးက ရှင်းပြသွားတာကတော့ ၂၀၁၈ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းမှာပါတဲ့ ပုဒ်မ ၂၅ ကတော့ လူတွေအားလုံးပြောနေတဲ့ ကိစ္စလေ။ ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော် နာယကကြီးက Annual Law ဖြစ်တဲ့အတွက် ဒီဥပဒေက ဆက်လက်ပြီးတော့ ပြဋ္ဌာန်းမယ်။ ဒီထဲမှာပါနေတဲ့ အချက်အလက်တွေ၊ အခွန်အကောက်နဲ့ဆိုင်တဲ့ ကိစ္စတွေကိုတော့ ပြင်ဆင်ဖို့ရာ တင်ပြထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြင်ဆင်ဖို့ရာအတွက်ကို ခွင့်ပြုတယ်။ အားလုံးထဲမှာ ပြည်သူလူထုတွေထဲမှာ အငြင်းပွားနေတဲ့ ပုဒ်မ ၂၅ နဲ့ နောက်တစ်ခေါက် ပြန်ပြင်ထားတဲ့ အခန်း(၈) ပုဒ်မ ၃၃ ကနေ ပုဒ်မ ၃၈ အထိကိစ္စကိုတော့ ပြင်ဆင်ဖို့ရာအတွက် နာယကကြီးက ပြောမသွားဘူး။ ဝန်ကြီးကလည်း ဒီကိစ္စကို ဖြေကြားမသွားတဲ့ အတွက်ကြောင့် ဒီဥပဒေကို အတည်ပြုတဲ့ အချိန်မှာ ဒီအချက်တွေကတော့ ပါမလာတော့ဘူးလို့ နားလည်ထားတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်မည့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖေဖော်ဝါရီ ၁၃ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent