ဌာနအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မည့် လုံခြုံရေး စီမံချက်များ ရေးဆွဲပြီး တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအဆို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အတည်ပြု

ဌာနအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မည့် လုံခြုံရေး စီမံချက်များ ရေးဆွဲပြီး တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအဆို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အတည်ပြု
Published 20 March 2018

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်

သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မည့် လုံခြုံရေးစီမံချက်များ ရေးဆွဲပြီး တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအဆိုအား ကန့်ကွက်သူ ရှိခဲ့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည်။

မတ် ၁၅ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် အရပ် ဖက်အဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်း ဆောင်ရွက်မည့် လုံခြုံရေးစီမံချက်များ ရေးဆွဲပြီး တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို ရွှေဘိုမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက တင်သွင်းခဲ့ပြီး မတ် ၁၉ ရက်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ အများအပြားဖြင့် အနိုင်ရရှိခဲ့ကာ လွှတ်တော်က အတည်ပြုခဲ့ကြောင်း ဆက်လက် သိရသည်။

“လက်ရှိအခြေအနေမှာ အမှုတွေက ပိုပြီးများလာတာတွေ့ရတယ်။ ဒါတွေဟာ ကောင်းမွန်တဲ့ရလဒ် ကိန်းဂဏန်းတွေ မဟုတ်ဘူး။ ဒါ့ကြောင့် ဒီအဆိုကို ကျွန်တော်က ထောက်ခံဆွေးနွေးခဲ့တာပါ။ ပြည်သူတွေဟာ လက်ရှိအခြေအနေမှာတော့ ညအပြင် မထွက်ရဲတာတို့ အဖော်မပါဘဲ မသွားရဲတော့တာလို့ အရင်လို လုံခြုံမှုတွေ မရှိတော့ဘူးလို့ အသံတွေလည်း ကြားနေရတယ်။ ဒါတွေကလည်း မြေပြင်မှာ အမှန်တကယ် ဖြစ်နေတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ အစိုးရအနေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ လက်ရှိအခြေအနေထက် တရားဥပဒေစိုးမိုးမှုတွေ စီမံချက်တွေ ရေးဆွဲပြီးတော့မှ ညွှန်ကြားချက်တွေနဲ့ လုပ်သင့်တယ်။ ကျွန်တော်တို့ အရှေ့တွေက ဖြစ်ပွားခဲ့တဲ့ ဟာတွေရှိတယ်။ သတင်းထောက်တွေ အသတ်ခံရတာတွေ၊ ဝန်ထမ်းတွေ အသတ်ခံရတာတွေပြီးတော့ လွှတ်တော်လုံခြုံရေး ဝန်ထမ်းဖြစ်တဲ့ ရဲကို ဓားနဲ့ထိုးခံရတာတွေရှိတယ်” ဟု ကသာမြို့နယ် မဲဆန္ဒနယ် နယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောကြားသည်။

သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများပူး ပေါင်းဆောင်ရွက်မည့် လုံခြုံရေးစီမံချက်များ ရေးဆွဲပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး အဆိုအား ထောက်ခံ၊ ကန့်ကွက်၊ အကြံပြုဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးအထိရှိခဲ့ကြောင်း အဆိုရှင်၏ သဘောဆန္ဒအရ မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၆ ဦး၊ ထောက်ခံဆန္ဒမဲ ၆၁ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၁၇ မဲ၊ ကြားနေဆန္ဒ ခုနစ်မဲနှင့် ပယ်မဲတစ်မဲ ရှိခဲ့သည့်အတွက် ထောက်ခံဆန္ဒမဲပေးသူဦးရေ များပြားခဲ့သည့် အတွက်ကြောင့် ယင်းအဆိုအား လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent