၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတွင် အခွန်ကင်းလွတ်ခွင့် ပေးထားသည့် ပုဒ်မ ၂၅ အား ကျင့်သုံးရန် မသင့်လျော်ကြောင်းနှင့် သီးခြားဥပဒေတစ်ရပ်ဆိုပါက ပိုပြည့်စုံမည်ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်အများစု လက်ခံထား

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတွင် အခွန်ကင်းလွတ်ခွင့် ပေးထားသည့် ပုဒ်မ ၂၅ အား ကျင့်သုံးရန် မသင့်လျော်ကြောင်းနှင့် သီးခြားဥပဒေတစ်ရပ်ဆိုပါက ပိုပြည့်စုံမည်ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်အများစု လက်ခံထား
Published 18 March 2018

ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်၍ မတ် ၁၅ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (Photo: Myanmar Union Parliament)

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် အခွန်ကင်းလွတ်ခွင့် ပေးထားသည့် ပုဒ်မ ၂၅ အား ကျင့်သုံးရန် မသင့်လျော်ကြောင်းနှင့် သီးခြား ဥပဒေတစ်ရပ်ဆိုပါက ပိုပြည့်စုံမည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်အများစုက လက်ခံထားကြောင်း ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

“အခွန်အကောက်ကလည်း အခုဟာက လုပ်တာက ကျွန်တော်တို့ ဧပြီ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ ဆိုတော့ ဒီခြောက်လပဲ လုပ်တာပေါ့။ ခြောက်လ လုပ်တဲ့အခါ မှာ အခွန်ကင်းလွတ်သက်သာခွင့် (Tax Amnesty) ကို ခြောက်လထဲမှာ ထည့်မယ်ဆိုရင် သိပ်မပြည့်စုံဘူး။ တင့်လည်း မတင့်တယ်ဘူးပေါ့။ အဲဒီသဘောရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အပေါ်မှာ ကြားနာတယ်။ ဥပဒေကြမ်းလည်း ကြားနာတယ်။ ပြောချင်တာကတော့ ဖျက်ခြင်း၊ မဖျက်ခြင်းက အစီရင်ခံစာ တင်ပြီးတော့ ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီးတော့ ဖျက်ဖို့ မဖျက်ဖို့ ဆုံးဖြတ်မယ် တစ်အချက်။ ဖျက်တယ် ဆိုရင်တော့ အရင်အတိုင်း ထားရမှာပေါ့။ အဲဒီလိုရှိပါတယ်။ ဒီအပေါ်မှာ ဒီဥစ္စာက ဒီအထဲမှာ ကျင့်သုံးဖို့ မသင့်တော်ဘူးပေါ့။ သီးခြားဥပဒေ တစ်ရပ်ဆိုရင်တော့ ပိုပြည့်စုံမယ်ဆိုတာကို ကျွန်တော်တို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်အများစုက လက်ခံထားပါတယ်။ ဒီအတိုင်းဖြစ်ဖို့ များပါတယ်။ အစည်းအဝေးမှာ ကျွန်တော်တို့ တင်ပြမယ်။ လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူမယ်” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် အခွန်အကောက် မူလဥပဒေကြမ်း၏ ပုဒ်မ ၂၅ နှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အသစ်ဖြည့်စွက်လိုက်သည့် အခန်း ၈ ရှိ ပုဒ်မအားလုံးကို ဖြုတ်ပြီး သီးခြား ဥပဒေကြမ်းအဖြစ် လွှတ်တော်ကို ပြန်လည် တင်သွင်းသင့်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက အကြံပြု ဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက မတ် ၁၅ ရက်တွင် လွှတ်တော်ဝင်းအတွင်း၌ ကျင်းပခဲ့သည်။

“အခွန်ကင်းလွတ် သက်သာခွင့် (Tax Amnesty) နဲ့ပတ်သက်လို့ နိုင်ငံတကာမှာ ရှိတယ်။ ကမ္ဘာမှာ နိုင်ငံ ၄၀ လောက်က Tax Amnesty ကျင့်သုံးခဲ့ကြတယ်ပေါ့။ အဲဒီတော့ Tax Amnesty မှာ ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒီပေါ်မှာလည်း တည်နေတယ်ပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက ရှုပ်နေတာက သိတဲ့အတိုင်းပဲ။ တရားမဝင်ရတဲ့ ငွေကြေးတွေ ရှိတာပေါ့။ ပုဒ်မ ၂၅ ဆိုတာ Tax Amnesty ကိုပဲ ပြောတာပါ။ ဆိုတော့ အခွန်ကို ဒါကင်းလွတ်ခွင့်ပေးတဲ့ သဘောပါပဲ။ အဲဒီအပိုင်းမှာက အခုဟာက ပုဒ်မတစ်ပိုဒ် တည်းနဲ့ ထည့်ထားတဲ့ ပုဒ်မ ၂၅ နဲ့ မရဘူးဆို ပြီးတော့ ဥပဒေကြမ်း ပူးပေါင်းအနေနဲ့ အခန်း (၈) ဆိုပြီးတော့ ပုဒ်မတွေ ခွဲပြီးတော့ လုပ်ပါတယ်။ အဲဒီလိုလုပ်တော့ ဆွေးနွေးတယ်။ Tax Amnesty နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေလည်း မှန်တယ်။ ဆွေးနွေးတဲ့အတိုင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုတယ်” ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက ဆိုသည်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက “ပုဒ်မ ၂၅ ဖျက်လိုက်ရင် အခန်း (၈) က မလိုတော့ဘူး။ အဲဒါကို မူလအတိုင်း ထားမယ်ပေါ့။ အရင်နှစ်ကအတိုင်း ထားမယ်ပေါ့။ ကိုယ်စားလှယ်တွေကလည်း ဘယ်ပုံစံနဲ့ ရေးဆွဲသင့်တယ် ဆိုတာလည်း တချို့ကျတော့ ထောက်ခံ ဆွေးနွေးတဲ့အပိုင်းတွေ ရှိတယ်။ ထောက်ပြပြီးတော့။ အဲဒီတော့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ပေါ့ဗျာ” ဟု ဆက်လက် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၆ ရက် မြောက်နေ့ဖြစ်သော မတ် ၁၉ ရက်တွင် ကျင်းပမည့် အစီအစဉ်တွင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ မူသဘော ဆွေးနွေးခြင်းအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ် ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။