ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးအတွက် ကျပ်သုံးဘီလျံခန့် သုံးစွဲဆောင်ရွက်ထားရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား

ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးအတွက် ကျပ်သုံးဘီလျံခန့် သုံးစွဲဆောင်ရွက်ထားရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား
Published 15 March 2018

ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေး စီမံဆောင်ရွက်ထားရှိမှုများအား ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းဦးဆောင်၍ သံတမန်များနှင့် ကုလသမဂ္ဂဒေသဆိုင်ရာ ကိုယ်စားလှယ်ရုံး ယာယီတာဝန်ခံတို့ ဖေဖော်ဝါရီ ၆ ရက်က ကွင်းဆင်းကြည့်ရှုစဉ် (Photo: Information Committee)

ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးအတွက် မြန်မာငွေကျပ် သုံးဘီလျံခန့် သုံးစွဲဆောင်ရွက်ထားရကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က ပြောကြားသည်။

နေပြည်တော်၌ မတ် ၁၄ ရက်ကပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးမောင်သင်း၏ နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီများကို လက်ခံရေးကိစ္စအား ပွင့်လင်းမြင်သာရေးအတွက် ပြည်သူများအား အသေးစိတ်ရှင်းလင်းပေးရန် အစီအစဉ် ရှိ မရှိနှင့်စပ်လျဉ်းပြီး ဆက်စပ်မေးခွန်းကို ဒုတိယဝန်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖျင်းသုံးစွဲထားတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့အနေနဲ့ မြန်မာကျပ်ငွေ သုံးဘီလျံလောက် သုံးစွဲထားရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သုံးစွဲထားတဲ့အပိုင်းတွေမှာ ပြန်လည်လက်ခံရေးစခန်းတွေမှာ တည်ဆောက်တဲ့အပိုင်းရှိပါတယ်။ နောက်တစ်ခါ ကြားစခန်း တည်ဆောက်တဲ့အပိုင်း ဖြစ်ပါတယ်။ မြေနေရာရှင်းလင်းမှုအပိုင်းတွေ ရှိပါတယ်။ အဲဒါတွေကို UEHRD ရဲ့ လုပ်ငန်းစဉ်အောက်ကနေ သုံးစွဲခြင်းဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ဘင်္ဂါလီများ ပြန်လည်လက်ခံရေးကို တောင်ပြိုလက်ဝဲနှင့် ငါးခူရတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး မူလနေထိုင်ရာနေရာကို ပြန်လည်မပို့ဆောင်မီ ကြားစခန်းသို့ ပို့ဆောင်ထားမည်ဖြစ်ကာ ပြန်လည်နေရာချထားရေးအတွက် မူလနေထိုင်ရာနေရာများတွင် မီးလောင်ပျက်စီးမှုများရှိသောကြောင့် အခြေချနေထိုင်နိုင်ရန် ရှင်းလင်းဆောင်ရွက်ရသည်များရှိကြောင်း ဦးစိုးအောင်က ပြောကြားသည်။

နှစ်နိုင်ငံသဘောတူညီမှုအရ ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး နေပြည်တော်၌ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ လက်မှတ်ရေးထိုးခဲ့ကြပြီး သဘောတူညီချက်နှင့်အညီ မြန်မာနိုင်ငံအတွင်း အမှန်တကယ်နေထိုင်ခဲ့ကြောင်း စိစစ်မှုကို ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက်လေးချက်နှင့်အညီ စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုပါလေးချက်မှာ ပြန်လည်ဝင်ရောက်လာသူများသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများဖြစ်ရမည်၊ ၎င်းတို့ကိုယ်တိုင် ပြန်လည်ဝင်ရောက်လိုသူဖြစ်ရမည်၊ ကွဲကွာနေသောမိသားစုများအတွက် ဘင်္ဂလားဒေ့ရှ်၏ ဗဟိုအဆင့်ရှိ တရားရုံးထောက်ခံချက် ပါရှိရမည်၊ တစ်ဖက်နိုင်ငံတွင် ထပ်မံမွေးဖွားလာသော ကလေးသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော မိဘနှစ်ပါး၏ ကလေးဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံပြန်လည်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ကိုယ်စားလှယ်များ၊ မြန်မာဘက်မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်ကျင်းပကာ အစည်းအဝေးတွင် ပြန်လည်ဝင်ရောက်လိုသူများ ဖြည့်သွင်းရမည့်ပုံစံကို နှစ်ဖက် အကျေအလည်ဆွေးနွေး၍ အတည်ပြုခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက အဆိုပါဖြည့်သွင်းရမည့်ပုံစံကို မြန်မာဘက်မှ အသေအချာ ရေးသွင်းခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ပို့ရာတွင် သတ်မှတ်ပုံစံအတိုင်း အတိအကျမပါဝင်ခြင်းကြောင့် စိစစ်ရာတွင် အခက်အခဲများရှိခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်ဝင်ရောက်လာမှုမရှိသေးကြောင်း ပြောကြားသည်။
စည်သူ

Most Read

Most Recent