လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီ အစီရင်ခံစာတင်သွင်း

လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီ အစီရင်ခံစာတင်သွင်း
Published 15 March 2018

မတ် ၁၄ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာလာသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်

လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခြင်းများရှိသည်ဟု လေ့လောတွေ့ရှိရကြောင်း အမျိုးသားလွှတ်တော် အခွင့်အရေးကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

မတ် ၁၄ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စတုတ္ထပုံမှန်အစည်းအဝေးမှ ဆဋ္ဌမပုံမှန်အစည်းအဝေးကာလအတွင်း ကော်မတီ၏ဆောင်ရွက်ချက်များအား လွှတ်တော်အခွင့်အရေးကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

ကော်မတီ၏အစီရင်ခံစာတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီသို့ လွှဲအပ်သောကိစ္စများနှင့် တိုင်ကြားစာများကို စိစစ်လေ့လာခြင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ လေ့လာတွေ့ရှိရခြင်းဖြစ်ကြောင်း လွှတ်တော်သို့ တင်သွင်းခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်အချို့သည် မိမိ၏တာဝန်ဝတ္တရားဖြစ်သော မဏ္ဍိုင်ကြီးသုံးရပ်အကြား အပြန်အလှန်ထိန်းညှိခြင်း ဆောင်ရွက်ရာ၌ တစ်ခါတစ်ရံ အုပ်ချုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်သည့်သဘော သက်ရောက်ဆောင်ရွက်မိခြင်းများ တွေ့ရှိရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒနယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ယင်းအဖွဲ့အစည်းများမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် လုပ်ငန်းဆောင်ရွက်ချက်များ အောင်မြင်သင့်သလောက် မအောင်မြင်ခြင်းများရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော သတင်းအချက်အလက်၊ အထောက်အထား၊ စာရွက်စာတမ်းများနှင့်စပ်လျဥ်း၍ သက်ဆိုင်ရာအဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသို့ တောင်းခံရာတွင် လွှတ်တော်ကိုယ်စားလှယ်များ တောင်းခံသည့် အချက်အလက်များကို သက်ဆိုင်ရာကပေးပို့မှု နှောင့်နှေးကြန့်ကြာခြင်းနှင့် လုံးဝပေးပို့မှုမရှိခြင်းများရှိကြောင်း လွှတ်တော်အခွင့်အရေးကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

လွှတ်တော်အခွင့်အရေးကော်မတီ၏ အစီရင်ခံစာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒနယ်မြေ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရာတွင် ဝင်ရောက်စွက်ဖက်ခြင်းသဘော မသက်ရောက်စေရေးအတွက် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပြည်သူ့အကျိုးကိုရှေးရှုကာ အပြုသဘောဖြင့် ပေါင်းစပ်ညှိနှိုင်း တိုင်ပင်ဆောင်ရွက်ရန် လိုအပ်သည့်ဟု အကြံပြုလိုကြောင်း အစီရင်ခံစာတင်သွင်းခဲ့သည်။

Most Read

Most Recent