ကြက်၊ ဝက်မွေးမြူရေးနှင့် ငါး၊ ပုစွန်အစာကုန်ကြမ်းများ အဆမတန် ဈေးမြင့်တက်မှုကြောင့် ကုန်ကြမ်းထွက်ရာသီတွင် တရုတ်နိုင်ငံသို့ တရားမဝင်စီးထွက်နေမှုများ တားဆီးရန်လိုအပ်ဟုဆို

ကြက်၊ ဝက်မွေးမြူရေးနှင့် ငါး၊ ပုစွန်အစာကုန်ကြမ်းများ အဆမတန် ဈေးမြင့်တက်မှုကြောင့် ကုန်ကြမ်းထွက်ရာသီတွင် တရုတ်နိုင်ငံသို့ တရားမဝင်စီးထွက်နေမှုများ တားဆီးရန်လိုအပ်ဟုဆို
Published 15 March 2018

ကြက်၊ ဝက်မွေးမြူရေးနှင့် ငါးပုစွန် အစာကုန်ကြမ်းများ ပြည်တွင်းတွင် အဆမတန်မြင့်တက်နေခြင်းကြောင့် အစာကုန်ကြမ်းထွက်ရာသီတွင် တရုတ်နိုင်ငံသို့ တရားမဝင်စီးထွက်နေသည့် အစာကုန်ကြမ်းများကို တား ဆီးပေးရန်လိုအပ်နေကြောင်း ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ပြောကြားသည်။

“ကုန်ကြမ်းပစ္စည်းတွေကို တရားမဝင်နည်းလမ်းနဲ့ ထွက်တာကိုတားသင့်တယ်။ တားလိုက်ရင်အလိုလိုကို ကုန်ကြမ်းဈေးနှုန်းကျသွားမယ်။ ပြောင်းကတော့ ကျိန်းသေကျမယ်။ ပြည်ပထွက်ပေါက် တရုတ်ဘက်ကို ပြောင်းမှန်ရင် အစာကုန်ကြမ်းဖြစ်တဲ့အတွက် မပို့ရဘူး။ တရုတ်ဘက်ကို မရောင်းရဘူး။ ရောင်းချင်ရင် တရားဝင်အခွန်သွင်းပြီးတော့ တရားဝင်ရောင်း။ ဒါဆိုရင် သူတို့ဝယ်မှာမဟုတ်တော့ဘူး။ အဲဒီလိုမြေပဲဆိုရင် ဆီဈေးတွေ ပြဿနာတက်တယ်။ ဆီဈေးပြဿနာတက်ရင် ဆီကုန်သည်တွေ မကြိတ်နိုင်ဘူး။ ဆီစက်မကြိတ်နိုင်ရင် ပဲဖတ်မထွက်ဘူး။ ပဲဖတ်မထွက်ရင် အစာကုန်ကြမ်းဈေးတက်မယ်။ ဒါတွေက သံသရာလည်နေတာ။ အချက်တစ်ချက်ထဲကြောင့် မဟုတ်ဘူး။ ဒါကြောင့် အဓိကအချက်ကတော့ အစာကုန်ကြမ်းထွက်တဲ့ရာသီမှာ နယ်စပ်ထွက်ကုန်တွေကို တားဆီးပေးဖို့ တောင်းဆိုမယ်။ အဲဒီလိုတားဆီးရင် ကုန်ကြမ်းဈေးနှုန်း မြန်မာနိုင်ငံအတွင်းမှာ ကျိန်းသေတည်ငြိမ်သွားမယ်။ ဒီလိုဆိုရင် မွေးမြူရေးကဏ္ဍဖြစ်တဲ့ငါး၊ ပုဇွန်မှာရော ကြက်၊ ဝက်မှာရော အဆင်ပြေသွားမယ်” ဟု ဒေါက်တာသက်မှူးက ပြောကြားသည်။

ယခုနှစ်တွင် ငါးဈေးကျဆင်းကာ အစာဈေးမြင့်တက်နေပြီး ပြောင်းဖူးဈေးမှာ ယခင်သုံးနှစ်အတွင်းမဖြစ်ခဲ့ဘူးသည့် ဈေးနှုန်းမြင့်တက်မှုဖြစ်ပေါ်နေကာ ပြောင်းဈေးသည် ယခုနှစ်တွင် တစ်ပိသာလျှင် ကျပ် ၆၅၀ အထိရှိနေပြီး ၂၀၁၆ ခုနှစ်တွင် ပြောင်းတစ်ပိဿာ ကျပ် ၄၀၀ နှင့် ၂၀၁၇ ခုနှစ်တွင် ၃၅၅ ကျပ်သာရှိခဲ့သည်ဟု ဒေါက်တာသက်မှူးက ပြောကြားသည်။

“သြင်္ကန်မတိုင်မီ ပွင့်လင်းရာသီမှာ အစာကုန်ကြမ်းတွေက ပြတ်လေ့ပြတ်ထရှိတယ်ဆိုတာ သုံးသပ်မိတယ်။ ဒါပေမယ့် ဒီနှစ် (၂၀၁၈) ခုနှစ် ပြတ်ပုံပြတ်နည်းက အရင်နှစ်တွေနဲ့မတူဘူး။ တော်တော်လေးထူးခြားတယ်။ အထူးသဖြင့် ဖွဲနုကိုကြည့်မယ်ဆိုရင်၂၀၁၆၊ ၂၀၁၇ က တစ်ပေါင်ကို ၈၅၊ ၇၅ ကျပ်ပတ်ဝန်းကျင်နဲ့ ဒီအချိန်မှာရတယ်။ ဒီနှစ်မှာ ၉၀၊ ၉၅ ကျပ်တက်လာပြီး မတ်လမကုန်ခင်တောင် အခုဈေးဖြစ်နေတယ်ဆိုရင် သြင်္ကန်ပြီးရင် နောက်ပိုင်းမိုးစကျပြီဆိုရင် ဖွဲနုဈေးပိုပြီး တက်လာမယ်မှန်းထားတယ်။ အရင်နှစ်က မိုးစကျပြီးဆိုရင် ဖွဲနုဈေးက ပြန်ကျတယ်။ အခြေခံဈေးတောင် ၉၀၊ ၉၅ ကျပ်ကို ပစ္စည်းစိတ်ကြိုက်ဝယ်လို့မရဘူး။ ဖွဲနုအရည်အသွေး မကြိုက်ကြဘူး။ ဖွဲနုအသုံးလျှော့ပြီး ငါးစာထုတ်လုပ်တာ တော်တော်လျော့လာတယ်” ဟု ဒေါက်တာသက်မှူးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြောင်းထွက်ရှိမှုများအဖြစ် တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်း ၃၀ ကို ဧရာဝတီတိုင်းမှထွက်ရှိပြီး ရာခိုင်နှုန်း ၇၀ ကို ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ ထွက်ရှိနေကာ တရုတ်နိုင်ငံမှ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှထွက်ရှိသည့် ပြောင်းဖူးများကို ဝယ်ယူနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် ပြောင်းဈေးနှုန်း ဆက်တက်နေပါက ပြည်ပနိုင်ငံမှ တင်သွင်းနိုင်ရန် ငါး၊ ပုစွန် အစာထုတ်လုပ်ရောင်းဝယ်သူများအသင်း၊ မွေးမြူရေးအစာ ထုတ်လုပ်ရောင်းဝယ်သူများအသင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများစုဝေးကာ မတ် ၁၅ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent