တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင်ရွှေမှော်နှင့် ပယင်းမှော်များ တူးဖော်ဆောင်ရွက်နေမှုများကို ယခုလို နောင်အခါမဖြစ်ရအောင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော် အတည်ပြု

တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင်ရွှေမှော်နှင့် ပယင်းမှော်များ တူးဖော်ဆောင်ရွက်နေမှုများကို ယခုလို နောင်အခါမဖြစ်ရအောင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော် အတည်ပြု
Published 15 August 2017


သြဂုတ် ၁၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးစဉ်

တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင် ရွှေမှော်နှင့် ပယင်းမှော်များ တူးဖော်ဆောင်ရွက်နေမှုများကို ယခုလိုနောင်အခါမဖြစ်ရအောင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို သြဂုတ် ၁၄ ရက်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

ယင်းအဆိုကို တနိုင်းမဲဆန္ဒနယ်မှ ဦးလင်းလင်းဦးက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လေးဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် သုံးဦးတို့က ဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်က ထိုသို့အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုနှင့်ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က နိုင်ငံတော်၏ သယံဇာတကိုကာကွယ်ရန် ပယင်းမှော်၊ ရွှေမှော်များတွင် တရားမဝင်တူးဖော်နေသူများကို ဒေသခံရဲနှင့် အုပ်ချုပ်ရေးအဖွဲ့ဖြင့်သာ ဖယ်ရှားနိုင်မည်မဟုတ်ဘဲ သယံဇာတ ကာကွယ်ရေးရှုထောင့်မှကြည့်၍ တပ်မတော်မှ ဝင်ရောက်ရှင်းလင်းရခြင်းမှာ လုံးဝမမှားကြောင်း၊ တပ်မတော် ဝင်ရောက်ပါဝင်သည်ကို မကြိုက်ပါက တရားမဝင် ဆက်လက်လုပ်ကိုင်ခွင့် ပြုစေချင်သည့်သဘော သက်ရောက်နေကြောင်း၊ အကယ်၍ တနိုင်းဒေသတွင် တပ်မတော်မရှိပါက တနိုင်းမြို့ပေါ်ရှိသူ အားလုံး KIA ကိုဆက်ကြေးပေးနေရမည်ဖြစ်ကြောင်း၊ ထိုသို့ တရားမဝင်တူးဖော်မှုများကို ပိတ်ပင်တားဆီးရန်၊ KIA ကိုထိန်းချုပ်ရန် အရပ်သားများကို ဖယ်ရှားပေးရန် တပ်မတော်က အကြောင်းကြားခြင်းသည် တပ်မတော်မှ တာဝန်ကျေပြီး မှန်ကန်သည့်လုပ်ရပ်ဖြစ်ကြောင်းနှင့် အဆိုရှင်၏ စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းက လုံးဝမှန်ကန်မှုမရှိဘူးဆိုသည့်အချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ပြောကြားသည်။

“အဆိုမှာပါတဲ့ သယံဇာတ တရားမဝင်တူးဖော်မှုများ နောင်မဖြစ်ရအောင် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတာကို ထောက်ခံပါတယ်။ ဒါပေမဲ့ တပ်မတော်ရဲ့ ဆောင်ရွက်မှုတွေအပေါ် ဝေဖန်ပြောကြားချက်တွေဟာ ဘောင်ကျော်နေလို့ ကန့်ကွက်ပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ တင်ပြအပ်ပါတယ်” ဟု မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က ဆွေးနွေးပြောကြားသည်။

မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးအင်ထုံးခါးနော်ဆမ်က တနိုင်းမြို့နယ် ပယင်း၊ ရွှေမှော်ဘက်များတွင် စီးပွားရှာလုပ်ကိုင်နေကြသည့် ဒေသခံများနှင့် ရွှေ့ပြောင်းနေထိုင်သူ သိန်းဂဏန်းပြည်သူများကို တပ်မတော်က အချိန်တို ၁၀ ရက်အတွင်း ဖယ်ရှားရန်အမိန့်စာ ထုတ်ပြန်လိုက်သောကြောင့် ဖြစ်သလို ထွက်ပြေးတိမ်းရှောင်ရခြင်း၊ ဒုက္ခသည်စခန်းများဖွင့်ပေး၍ နေထိုင်စေခြင်း စသည့်ဖြစ်ပျက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်သူများမှာ အစိုးရကို လက်ညှိုးထိုးအပြစ်ပုံချသည့်အတွက် အစိုးရပုံရိပ်ထိခိုက်ရကြောင်း၊ ထို့ပြင် KIA နှင့်လည်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရွာသူရွာသားများ ကြောက်လန့်ကာ မိသားစုတစ်ကွဲတစ်ပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ပြောကြားသည်။

လက်ရှိအစိုးရသည် အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေးရရှိအောင် ဆောင်ရွက်နေချိန်တွင် အားလုံးဝိုင်းဝန်းကူညီရန်လိုသကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကလည်း တိုက်ပွဲများဖြစ်ပေါ်နိုင်ခြေရှိသည့် လုပ်ရပ်မှန်သမျှကို ရှောင်ရှားသင့်ကြောင်း၊ ပြည်တွင်းစစ်ကြောင့် ဒုက္ခအမျိုးမျိုးကြုံတွေ့နေရခြင်း၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး မုန်းတီးမှု၊ မကျေနပ်မှု၊ နာကြည်းမှုများသာ တိုးလာနေခြင်းသည် တိုင်းပြည်အတွက် အနုတ်လက္ခဏာသာဖြစ်ကြောင်း၊ အဆိုပါဒေသများတွင် တရားမဝင် မှော်လုပ်ကိုင်နေမှုအပါအဝင် ပြဿနာပေါင်းစုံဖြစ်နေသည့်အတွက် ပြဿနာပြေလည်ရေးအတွက် နည်းမျိုးစုံအသုံးပြုကာ ပြည်ထောင်စုအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရမှ သွားရောက်ကြပ်မတ်ဖြေရှင်းရန် လိုအပ်ကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် မြို့၊ ရပ်ရွာတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ခြင်း သို့မဟုတ် ပြည်နယ်အစိုးရအား တာဝန်ပေးကြပ်မတ်စေခြင်းသည် ဆီလျော်မှန်ကန်ကြောင်း ဦးအင်ထုံးခါးနော်ဆမ်က ထောက်ခံဆွေးနွေးသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကလည်း ပြဋ္ဌာန်းချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကချင်ပြည်နယ်အစိုးရနှင့် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုကိုအတည်ပြုရန် ထောက်ခံကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး အဆိုကိုအတည်ပြုကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

Writer - ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

Most Read

Most Recent