သက်သာသောအတိုးနှုန်းဖြင့် နှစ်ရှည်ပေးဆပ်ကာ ပိုင်ဆိုင်ခွင့်ရမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် ဂျပန်နိုင်ငံ JICA ထံမှ ဂျပန်ယန်း ၁၅ ဘီလျံချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

သက်သာသောအတိုးနှုန်းဖြင့် နှစ်ရှည်ပေးဆပ်ကာ ပိုင်ဆိုင်ခွင့်ရမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် ဂျပန်နိုင်ငံ JICA ထံမှ ဂျပန်ယန်း ၁၅ ဘီလျံချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 7 March 2018

သက်သာသောအတိုးနှုန်းဖြင့် နှစ်ရှည်ပေးဆပ်ကာ ပိုင်ဆိုင်ခွင့်ရမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် ဂျပန်နိုင်ငံ JICA ထံမှ ဂျပန်ယန်း ၁၅ ဘီလျံချေးယူရန် မတ် ၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ထိုသို့ ဂျပန်နိုင်ငံ JICA ထံမှ ချေးငွေအဖြစ် ဂျပန်ယန်း ၁၅ ဘီလျံချေးယူရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

၂၀၁၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ နှစ် ၂၀ အတွင်း အိမ်ခန်းပေါင်း တစ်သန်း ဖော်ဆောင်မည့်စီမံချက်တွင် နိုင်ငံတော်အဆင့်သာမက ပုဂ္ဂလိကကဏ္ဍမှပါ ပူးပေါင်းကာ နှစ်ဦးနှစ်ဖက် အကျိုးတူတည်ဆောက်မှသာလျှင် ပြည်သူများ၏ နေထိုင်ရေးအား အပြည့်အဝဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှစ်ခုအနက် အိမ်ရာစီမံကိန်းငါးခုရှိ အခန်းပေါင်း ၁၄၉၅ ခန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊၂၀၁၈ ခုနှစ် မတ်လတတိယပတ်တွင် လက်ကျန်အခန်း ၅၂၀ ကို ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း စုစုပေါင်းရရှိမည့် အခန်း ၈၆၂၄ ခန်း အနက် ၃၈၆၈ အခန်းမှာ လက်ရှိ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီး ကျန်ရှိသည့်အခန်း ၄၇၅၆ ခန်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ကြောင်း ဦးကျော်လင်းက ပြောကြားသည်။

ဒုတိယဝန်ကြီးက “ဆောက်လုပ်ရေးကဏ္ဍမှာ အရည်အသွေးကောင်းမွန်၍ အဆင့်အတန်းမီတဲ့တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတွေ စဉ်ဆက်မပြတ် ထုတ်လုပ်ခြင်းအားဖြင့် ပြည်သူတို့ရဲ့ အဓိကအရေးသုံးပါးဖြစ်တဲ့ ‘စား၊ ဝတ်၊ နေရေး’ မှာ မရှိမဖြစ်လိုအပ်တဲ့ နေရေးအတွက် ပြည်သူတွေသက်သာတဲ့ အတိုးနှုန်းထားနဲ့ နှစ်ရှည်ပေးဆပ်ရင်း အနာဂတ်မှာပိုင်ဆိုင်မည့် အိမ်ရာမှာ နေထိုင်ခွင့်ရရှိ၍ လုံခြုံစိတ်ချရတဲ့နေရေးကိုရရှိဖို့ ဂျပန်နိုင်ငံ JICA မှ ဂျပန်ယန်း ၁၅ ဘီလျံ ချေးငွေရယူရေးကိစ္စအား ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်” ဟုပြောကြားသည်။

“ချေးငွေဆိုင်ရာ အချက်အလက်များကတော့ ချေးငွေပမာဏ ဂျပန်ယန်း ၁၅ ဘီလျံဖြစ်ပါတယ်။ ချေးငွေအမျိုးအစား JICA မှ ODA Loan (Two Step Loan)။ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း။ ချေးယူမည့်ကာလ ၂၀၁၈ မှ ၂၀၂၂ ခုနှစ်ထိ။ ပြန်လည်ပေးဆပ်ရမည့်ကာလ နှစ် ၄၀ (Grace Period ၁၀ နှစ်+၃၀နှစ်) ဖြစ်ပါတယ်။ ချေးငွေအပေါ်အသုံးချမှု အစီအစဉ်မှာ ချေးငွေကာလ ပထမနှစ်နှစ်အတွင်း ချေးငွေပမာဏစုစုပေါင်း၏ ရာခိုင်နှုန်း ၆၀ နှင့် ဒုတိယနှစ်နှစ်အတွင်း ကျန်ရာခိုင်နှုန်း ၄၀ ချေးယူရန်လျာထားပြီး ပြန်လည်ထုတ်ချေးရန် အစီအစဉ်များကတော့ ပထမအဆင့်အနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦစီးဌာနမှ လှည့်ပတ်ရန်ပုံငွေဖြင့် ဆောက်လုပ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ချေးငွေထုတ်ချေးခြင်း။ ဒုတိယအဆင့်အနေနဲ့ ဂျပန်နိုင်ငံ၏နည်းပညာဖြင့် အရည်အသွေးပြည့်ပြီး ကာလရှည်ခိုင်မာသည့်အိမ်ရာများ ဆောက်လုပ်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အပြင် အခြားပုဂ္ဂလိကဘဏ်များမှပါ ချေးငွေထုတ်ချေးခြင်း။ တတိယအဆင့်အနေဖြင့် ပုဂ္ဂလိကမှဆောက်လုပ်သည့် အရည်အသွေးကောင်းမွန်သော အိမ်ရာများကို အခြားပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးသွားမှာဖြစ်ပါတယ်။ ပြည်သူတို့ အိမ်ရာပိုင်ဆိုင်နိုင်ရေးလက်ရှိ (Housing Mortgage) စနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ်အခြေခံပြီး အိမ်ရာငွေကြေး အထောက်အကူပြုနိုင်ရေးအတွက် လိုအပ်သော ငွေကြေးပိုင်းဆောင်ရွက်မှုဆိုင်ရာ၊ အဆောက်အအုံ စံချိန်စံညွှန်းဆိုင်ရာ၊ အိမ်ရာကြံ့ခိုင်မှုဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အချက်အလက်များဆွေးနွေး၍ ဦးဆောင်လမ်းညွှန်မှုကော်မတီ (Steering Committee) ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent