ငွေအတုပြုလုပ်မှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှုများ တားဆီးနိုင်ရန် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်

ငွေအတုပြုလုပ်မှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှုများ တားဆီးနိုင်ရန် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်
Published 7 March 2018

မြစ်ကြီးနားမြို့၌ မြန်မာ-တရုတ် နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်ပွဲတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးစဉ်

ငွေအတုပြုလုပ်မှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှုများ တားဆီးနိုင်ရန် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးကို မြစ်ကြီးနားမြို့တွင် မတ် ၆ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး ဖွင့်ပွဲတွင် မြန်မာနိုင်ငံဘက်မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တရုတ်နိုင်ငံဘက်မှ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် အလုပ်အမှုဆောင် အတွင်းရေးမှူးချုပ်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို၊ ညွှန်ကြားရေးမှူးချုပ် Mr. Liang Yun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ဒီကနေ့ဖွင့်လှစ်တဲ့ မြစ်ကြီးနား-ထိန်ချုံး နယ်စပ်ဆက်ဆံရေးရုံးဟာ နှစ်နိုင်ငံ နှစ်စဉ်အလှည့်ကျပြုလုပ်တဲ့ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရအကြား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနကြား၊ နှစ်နိုင်ငံရဲတပ်ဖွဲ့များကြား၊ နှစ်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်များကြား ပူးပေါင်းဆောင်ရွက်မှုများရဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ အသစ်ပေါ်ထွက်နေတဲ့ စိတ်ပြောင်းဆေးဝါးတွေ၊ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မှုပြဿနာတွေ၊ ဘိန်းဖြူသုံးစွဲမှု မြင့်မားနေခြင်း စတဲ့ပြဿနာတွေဟာ ဒေသတွင်း နိုင်ငံအားလုံးရဲ့ စုပေါင်းအားနဲ့ ဝိုင်းဝန်းဖြေရှင်းမှသာ အောင်မြင်မှုရနိုင်မယ်လို့ ယုံကြည်ပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးမှာ အဓိကကျကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သုံးဆင့်ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောကြားလိုပါတယ်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးသာမကဘဲ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး၊ လက်နက်မှောင်ခိုမှုများ၊ ငွေစက္ကူအတုပြုလုပ်မှုများ စသည့် နိုင်ငံဖြတ်ကျော်မှုခင်းတွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းနှိမ်နင်းသွားဖို့ ဆန္ဒရှိကြောင်း ပြောကြားလိုပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

၁၉၉၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံများနှင့် UNOCD တို့အကြား မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၅ ခုနှစ် မေ ၂၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယမ်နမ်နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး MoU နိုင်ငံခြောက်နိုင်ငံက မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၀၀ ပြည့်နှစ်မှစပြီး နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးများ တည်ထောင်ဆောင်ရွက်ခဲ့ပြီး လွယ်ဂျယ်၊ မိန်းတန်၊ နမ့်ဆမ်၊ လောက်ကိုင်နှင့် မူဆယ်မြို့များတွင် နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent