ဥပဒေပြင်ဆင်မှုသည် လူတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ခုကို အကာအကွယ်ပေးချင်၍ သို့မဟုတ် တားဆီးချင်၍ ဥပဒေပြဋ္ဌာန်းခြင်းမျိုး မဖြစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ဥပဒေပြင်ဆင်မှုသည် လူတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ခုကို အကာအကွယ်ပေးချင်၍ သို့မဟုတ် တားဆီးချင်၍ ဥပဒေပြဋ္ဌာန်းခြင်းမျိုး မဖြစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 6 March 2018

ပြည်သူက ရွေးကောက်ထားသည့် အစိုးရလက်ထက်တွင် ဒီမိုကရေစီ အခွင့်အရေးများနှင့် ပြည်သူ့အခွင့်အရေးများ လျော့ကျမသွားအောင် ပြင်ဆင်ပေးရန် လိုအပ်ကြောင်းနှင့် ဥပဒေပြင်ဆင်မှုသည် လူတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ခုကို အကာအကွယ်ပေးချင်၍ သို့မဟုတ် တားဆီးချင်၍ ဥပဒေပြဋ္ဌာန်းခြင်းမျိုး မဖြစ်သင့်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆွေးနွေး ခဲ့သည်။

မတ် ၅ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါက်တာမြတ်ဉာဏစိုး တင်သွင်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးခင်မောင်လတ်က “ဒီဥပဒေဟာ ယခင်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တဲ့ အခုအစိုးရလက်ထက်မှာ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ ပြည်သူ့အခွင့်အရေးတွေ လျော့ကျမသွားအောင် ပြင်ဆင်ပေးဖို့လိုပါတယ်။ ဒီဥပဒေဟာ ဒီမိုကရေစီနဲ့ဆိုင်တဲ့အပြင် ဒီမိုကရေစီနဲ့ ပြောင်းပြန်အချိုးကျနေတဲ့အတွက် ဒီဥပဒေကို တင်းကျပ်ရင် ဒီမိုကရေစီ ကျဆင်းသွားပြီးတော့ အာဏာရှင်ဘက်ကို ပိုနီးတဲ့သဘော ဖြစ်သွားပါတယ်။ ဥပဒေပြင်ဆင်မှုတွေဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ခုကို အကာအကွယ်ပေးချင်လို့ သို့မဟုတ် လူတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ ပါတီတစ်ခုကို တားဆီးချင်လို့ ဥပဒေပြဋ္ဌာန်းတာမျိုး မဖြစ်သင့်ပါဘူး။ ကိုလိုနီခေတ်က ဥပဒေတွေ၊ အာဏာရှင်ခေတ်က ဥပဒေတွေထက်ပိုပြီး ဒီမိုကရက်တစ်ဖြစ်အောင် (Libralize) ဖြစ်အောင် ပြင်ဆင်သင့်ပြီး ပြည်သူအများစုအတွက်ကို ဦးတည်ပြီးတော့ လုပ်ဆောင်ပေးခဲ့တယ်လို့ လွှတ်တော်သမိုင်းမှာ မှတ်တမ်းကောင်းတွေ ကျန်ရှိစေချင်လို့ ဆွေးနွေးရခြင်း ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ “ဒီဥပဒေဟာ ပြည်သူ့ဆန္ဒထုတ်ဖော်ခြင်းဆိုင်ရာ ဥပဒေဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်တယ်ဆိုတာ ဒီမိုကရေစီရဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ ဒီလိုအခွင့်အရေးရဖို့အတွက် ပြည်သူတွေက နှစ်ပေါင်း လေး ငါးဆယ် ကြိုးစားရင်းနှီးခဲ့ရတာကို မမေ့အပ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ဆန္ဒထုတ်ဖော်ပွဲတွေဟာ ကြမ်းတမ်းရုန့်ရင်းခြင်း မရှိသေးတဲ့အတွက် ဥပဒေကို တင်းကျပ်စရာ မလိုသေးပါဘူး။ ဒီဥပဒေကိုပြင်ဆင်ပြီး တင်းကျပ်လိုက်ပါက အကြောက်တရား ဝင်သွားပြီးတော့ အဓိကလူထုဖြစ်တဲ့  အလုပ်သမား၊ လယ်သမားတွေရဲ့ အခွင့်အရေးကာကွယ်မှု၊ တိုင်းရင်းသား အခွင့်အရေး ကာကွယ်မှုတွေနဲ့ မတရားမှု၊ ကိုယ်ကျင့်တရား ပျက်ပြားမှုတွေကို ထောက်ပြတဲ့ အခွင့်အရေး ဆုံးရှုံးသွားပါတယ်။ ဥပဒေကြမ်းရဲ့ ပုဒ်မ ၄ မှာပါတဲ့ အချက်တွေဟာ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ ဤသည် မလွဲပါပါတယ်။ သို့သော်လည်း ဖွဲ့စည်းပုံမှာက ပြည်သူ့အတွက်ပေးထားတဲ့ အခွင့်အရေး ဖြစ်ပြီးတော့ အပြုသဘောဆောင်ပါတယ်။ အခု ဒီပုဒ်မမှာ ဖွဲ့စည်းပုံပါ ဒီစကားရပ်ကို ပြန်လည်ဖော်ပြတာက အကြောက်တရားကို ပေးထားပြီး ပြည်သူတွေအတွက် Negative သဘောနဲ့ တားဆီးတဲ့သဘော ဆောင်တဲ့အတွက် လွဲချော်နေတာ တွေ့ရပါတယ်။ ပုဒ်မ ၄ (ဃ) မှာ အခုပြင်ဆင်နေတဲ့ ခန့်မှန်းကုန်ကျ စရိတ်နဲ့ ကုန်ကျခံမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ အစည်းဆိုတဲ့ စကားရပ်ဟာ ဆန္ဒထုတ်ဖော်သူ တွေရဲ့ လုံခြုံရေး၊ ချီတက်ရာလမ်းကြောင်းရဲ့ လုံခြုံရေးကိစ္စနဲ့ မသက်ဆိုင်သလို ဥပဒေရဲ့ ဂုဏ်ဒြပ်နဲ့လည်း မဆီလျော်ပါဘူး။ ငွေကြေး ပမာဏကို ကန့်သတ်မထားတဲ့အတွက် စာ ရင်းစစ်ဖို့လည်း မဟုတ်တဲ့အတွက် ဒီစကားရပ်ကို မထည့်သင့်လို့ ယူဆပါတယ်” ဟု ဦး ခင်မောင်လတ်က ဆွေးနွေးသည်။

ထို့ပြင် ပုဒ်မ ၁၈ ကိုဆွေးနွေးလိုကြောင်း ‘မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားတို့ကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ’ ဆိုသည့် စကားရပ်တွေဟာ ပုဒ်မ ၄ မှာလည်း ဖော်ပြပြီးသား ဖြစ်တဲ့အတွက် နှစ်ကြိမ်ထပ်နေကြောင်း၊ ယင်းအချက်များကို ချိုးဖောက်ပါက အရေးယူရန် ရာဇသတ်ကြီးတွင် ပုဒ်မအသီးသီး ရှိပြီးသားဖြစ်သည့်အတွက် ထည့်သွင်းရန် မလိုအပ်ဟု ယူဆကြောင်း၊ ‘သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း’ ဆိုသည့် စကားရပ်နှင့် ‘ပြုသူကို ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်နိုင်သည်’ ဆိုသည့် စကားများသည် ဝိရောဓိဖြစ်နေပြီး ယုတ္တိမကိုက်ဖြစ်နေကြောင်း၊ ထို့အတွက် ပယ်ဖျက်သင့်ကြောင်း၊ ငြိမ်းချမ်းစွာဟု ပါနေသည့်အတွက် ငြိမ်းချမ်းစွာ လုပ်သည့်သူကို ပြစ်ဒဏ်ပေးသကဲ့သို့ ဖြစ်နေကြောင်း၊ မငြိမ်းချမ်းအောင် လုပ်ရမည့်သဘော ဖြစ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆွေးနွေးသည်။

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) မှ ဦးစိုးသိန်းက “ကျွန်တော်က ပုဒ်မ ၄ ခုကို ပြင်ဆင်ချက်တွေနဲ့ ဆွေးနွေးမှာပါ။ ပုဒ်မ ၁၈ ကိုတော့ ပြင်ဆင်ချက်နဲ့ ထောက်ခံဆွေးနွေးမှာပါ။ ဒီပုဒ်မမှာ ဘာလို့လဲဆိုတော့ ဒီပြဋ္ဌာန်းချက်ဟာ နိုင်ငံသားတွေ ရဲ့ မူလအခွင့်အရေးတွေကို တားဆီးထားတဲ့ ပြဋ္ဌာန်းချက်လည်း မဟုတ်ပါဘူး။ မူလပုဒ်မ ၁၈ မှာကိုက နိုင်ငံသားတွေရဲ့ အခွင့်အရေး တွေကို ကာကွယ်ပေးထားပါတယ်။ မရိုး ဖြောင့်တဲ့သူတွေကို တားဆီးတဲ့ ပုဒ်မဖြစ်ပါ တယ်။ ဒါဟာ ပြည်သူ တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ကို မတည်ငြိမ်အောင် ဖန်တီးမယ်လို့ ခြိမ်းခြောက်တဲ့သူလည်းရှိပါတယ်။ ဟောကိန်းတွေ ထုတ်ပြီးတော့ ပြောနေတဲ့ သူတွေလည်းရှိတယ်။ ဒါတွေကို တားဆီးတဲ့ ဥပဒေဖြစ်တဲ့အတွက် ထောက်ခံပါတယ်” ဟု ပြောကြားသည်။

ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်းရာတွင် အပိုဒ် ၃၊ ပုဒ်မ ၄၊ ပုဒ်မ ခွဲ (ဃ) တွင် ဖော်ပြထားသော ‘ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့် အစီအစဉ်’ ဆိုသည့်စကားရပ်ကို ‘ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းပြုလုပ်မည့် အစီအစဉ်အပြည့်အစုံ’ ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် ၄၊ ပုဒ်မ ၁၈ တွင် ဖော်ပြထားသော ‘ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေ ဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း’ ဆိုသည့် စကားရပ်ကို ‘ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးတို့ကို ပျက်ပြားစေရန် ငွေ သို့မဟုတ် ပစ္စည်းကိုသော် လည်းကောင်း’ ဟု ပြင်ဆင်သင့်ကြောင်း လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့် အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဆိုသည့် အချက်အား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖြည့်စွက်ပြင်ဆင်ထားသည်။

ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါက်တာ မြတ်ဉာဏစိုးက အဆိုတင်သွင်း ခဲ့ခြင်းဖြစ်သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၄ ခြေဆင်းကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုသော နိုင်ငံသားများ သို့မဟုတ် အဖွဲ့အစည်းများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိသဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ အောက်ပါအချက်များ ပါရှိသော အသိပေးတင်ပြချက်ကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ယင်းသို့ဆောင်ရွက်မည့်နေ့ မတိုင်မီ အနည်းဆုံး ၄၈ နာရီ ကြိုတင်၍ စာဖြင့်ပေးပို့တင်ပြရမည်။ စီတန်းလှည့်လည်ရာတွင် ဖြတ်သန်းလိုသည့် မြို့နယ်များရှိပါက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးများထံ ၄၈ နာရီ ကြိုတင်၍ အသိပေးတင်ပြချက် မိတ္တူကို ပေးပို့ရမည်ဟု အစားထိုးရမည်ဟု ဖော်ပြထားသည်။

 

Most Read

Most Recent