မိမိ၏ ဆန္ဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲအရ သမိုင်းကြောင်းအရဆိုကာ နောက်ပြန်လည်နေမည့်ကိစ္စများဖြင့် တဝဲ၀ဲလည်ဖြစ်နေပါက ငြိမ်းချမ်းရေးလမ်းကြောင်းနှင့်သွားရမည့် နိုင်ငံရေးရည်မှန်းချက်သည် ပေါက်မြောက်မည်မဟုတ်ဟု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မိမိ၏ ဆန္ဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲအရ သမိုင်းကြောင်းအရဆိုကာ နောက်ပြန်လည်နေမည့်ကိစ္စများဖြင့် တဝဲ၀ဲလည်ဖြစ်နေပါက ငြိမ်းချမ်းရေးလမ်းကြောင်းနှင့်သွားရမည့် နိုင်ငံရေးရည်မှန်းချက်သည် ပေါက်မြောက်မည်မဟုတ်ဟု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 1 March 2018

ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် မိမိ၏ဆန္ဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲအရ သမိုင်းကြောင်းအရဆိုကာ နောက်ပြန်လည်နေမည့်ကိစ္စများဖြင့် တဝဲ၀ဲလည်ဖြစ်နေပါက ငြိမ်းချမ်းရေးလမ်းကြောင်းနှင့် သွားရမည့် နိုင်ငံရေးရည်မှန်းချက်သည် ပေါက်မြောက်မည်မဟုတ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

“ကျွန်တော်တို့သည် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ရင်ထဲအသည်းထဲကနေ ကိုယ်စီအဖွဲ့အစည်းအသီးသီးကနေ လက်ခံပြီးဆောင်ရွက်လို့ ဒီနေ့ဒီအချိန်အထိ ရောက်လာပြီဖြစ်ပါတယ်။ ဒီလိုရောက်လာတဲ့အခါ ယုံကြည်ချက် ခံယူချက်တွေနဲ့သွားမယ်။ သွားတဲ့အခါမှာလည်း ကိုယ်ဖြစ်ချင်တဲ့ဟာကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်းအတာ၊ ရသင့်ရထိုက်တဲ့အတိုင်းအတာ၊ လိုချင်သင့်လိုချင်တဲ့ အတိုင်းအတာအတွင်းက ဆောင်ရွက်သွားမယ်ဆိုရင် နှစ်ဖက်စလုံးက ဘာမှပြဿနာတက်စရာ အကြောင်းမရှိဘူးလို့မြင်ပါတယ်။ တချို့နေရာတွေမှာ ကိုယ့်ရဲ့ဆန္ဒစွဲ၊ တခြားသောဒေသစွဲ လူမျိုးစွဲအရ သမိုင်းကြောင်းအရဆိုပြီးနောက် ပြန်လည်နေမယ့်ကိစ္စတွေနဲ့ တဝဲ၀ဲလည်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းသည် သွားရမယ့် နိုင်ငံရေးရည်မှန်းချက်သည် ပေါက်မြောက်မှာမဟုတ်ဘူး ဖြစ်ပါတယ်” ဟု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော JICM အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“JICM အစည်းအဝေးက အတည်ပြုပြီးကိစ္စ၊ ဆုံဖြတ်ပြီးသားကိစ္စ၊ ဆောင်ရွက်ရန်ကိစ္စတွေသည် ဒီသုံးလတာကာလအတွင်းမှာ တတ်နိုင်သလောက် ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ရမယ့်အတိုင်း လုပ်သွားဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဥပမာပါ။ ပြီးခဲ့တဲ့ ခြောက်ကြိမ်မြောက်အစည်းအဝေးနဲ့ RCSS နဲ့ပတ်သက်ပြီး ဆုံးဖြတ်ပါတယ်။ ဘာလဲဆိုရင် လင်းခေးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ဆိုပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကြားထဲက ဆုံးဖြတ်ပြီး ဆုံးဖြတ်ချက်ကိုလည်း တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ သို့သော်လည်း ဒီကြားထဲမှာ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုလွဲမှားပြီး အကြိုဆွေးနွေးပွဲကိစ္စတွေ၊ အစည်းအဝေးဆုံးဖြတ်ချက်ထဲမှာ မပါတဲ့ကိစ္စတွေပါ ထပ်ပေါ်ပေါက်လာတဲ့အခါမှာ သွားရတဲ့လုပ်ငန်းစဉ်က ရှေ့ကိုမရောက်ဘဲနဲ့ ဒီမှာတင် တဝဲ၀ဲလည်ဖြစ်နေတာဖြစ်ပါတယ်” ဟု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချိန်ကာလအတိုင်းအတာ သတ်မှတ်ဆောင်ရွက်သင့်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ကိစ္စများအတွက် ပြင်ဆင်ထားသင့်ကြောင်းလည်း ၎င်းကပြောကြားသည်။

Most Read

Most Recent