ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ပြန်လာရန် လူဦးရေ ၈၀၀၀ စာရင်းပေးထားကြောင်း UEHRD ၏ ညှိနှိုင်းရေးမှူးချုပ် ပြောကြား

ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ပြန်လာရန် လူဦးရေ ၈၀၀၀ စာရင်းပေးထားကြောင်း UEHRD ၏ ညှိနှိုင်းရေးမှူးချုပ် ပြောကြား
Published 1 March 2018

ဖေဖော်ဝါရီ ၂၈ ရက်က UEHRD အစည်းအဝေးကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာရန် လူဦးရေ ၈၀၀၀ စာရင်းပေးထားကြောင်း UEHRD ၏ ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ပြောကြားသည်။

“အခုစာရင်းပေါက်နေတဲ့ ၈၀၀၀ ကို ကျွန်တော်တို့မှာ အာရုံစိုက်နေရပါတယ်။ စာရင်းတွေမပြီးသေးပါဘူး။ စိစစ်ဖို့အင်မတန် အရေးကြီးပါတယ်။ တကယ်တမ်းတော့ တော်တော်လေးကို နိုင်ငံတော်က လျှော့ပေါ့ပါတယ်။ ရခိုင်ပြည်နယ်မှာနေတယ်ဆိုတဲ့ သက်သေအထောက်အထားတစ်ခုခု ပြနိုင်ရင် လက်ခံမယ်လို့ အကြမ်းဖျင်းပြောထားပါတယ်။ အတင်းအကျပ်လုပ်တဲ့ပုံစံ လုံးဝကျွန်တော်တို့မရှိပါဘူး။ ဒါလေးကိုတော့ သတိပေးချင်ပါတယ်” ဟု ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။

“အားလုံးလည်း သတင်းစာတွေထဲမှာပါတဲ့အတွက် သိပြီးသားပါ။ သို့သော်လည်း ပြန်လာမယ်လို့ စာရင်းပေါက်နေတာ ၈၀၀၀ ရှိပါတယ်။ အဲဒီတော့ ပြန်လက်ခံဖို့ နိုင်ငံတော်အစိုးရအနေနဲ့ တစ်ဖက်နိုင်ငံနဲ့သဘောတူထားတာ မူသုံးခုရှိပါတယ်။ အဲဒီမူသုံးခုကိုသိမှ UE ရဲ့တာဝန်ကိုသိမှာပါ။ မူသုံးခုက နံပါတ် (၁) က သူတို့ပြန်လာတဲ့သူ အားလုံးသည် ကိုယ့်သဘောကိုယ့်ဆန္ဒနဲ့ ဘယ်သူ့ဖိအားမှမပါတဲ့ဆိုတာကို ပြောပါတယ်။ နံပါတ် (၂) ကတော့ လုံခြုံရမယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေ လက်ခံထားတဲ့စံနှုန်းပါ။ ဒါကလည်း အားလုံးသိတဲ့အတိုင်းပဲ Safe ဆိုတာ UEHRD က တတ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့်မို့ ရှိတဲ့သူတွေ နယ်မြေမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရဲရော၊ တပ်မတော်ရောက တာဝန်ယူရမယ့်ကိစ္စပါ” ဟု ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။

နောက်ဆုံးကိစ္စသည် UEHRD နှင့်သက်ဆိုင်ကြောင်း၊ ပြန်လာသည့်သူများ သိက္ခာရှိရှိပြန်လာနိုင်ရေး လုပ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏ ပုဂ္ဂလိကလုပ်ငန်း အဖွဲ့ကိုးဖွဲ့ ဖွဲ့စည်းထားသည်။

အဆိုပါလုပ်ငန်းကိုးဖွဲ့မှာ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအဖွဲ့၊ စီးပွားရေးဇုန်များ ဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့၊ အလုပ်အကိုင်ဖန်တီးရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ စီစဉ်ဖွင့်လှစ်ရေးလုပ်ငန်းအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖွဲ့၊ အသေးစားငွေကြေးထောက်ပံ့မှုလုပ်ငန်းအဖွဲ့၊ ဘဏ္ဍာငွေစုဆောင်းရေး (Crowd Funging) လုပ်ငန်းအဖွဲ့တို့ဖြစ်ပြီး လက်ရှိအချိန်၌မူ ယင်းအဖွဲ့များအပြင် အဖွဲ့အသစ်များ ထပ်မံတိုးလာပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က သိရသည်။

လုပ်ငန်းအဖွဲ့များအနေဖြင့် အခြေခံအဆောက်အအုံများ တည်ဆောက်ပြင်ဆင်ပြီးပါက ပညာရေးနှင့်ကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးရန် ဒေသခံများအတွက် အသက်မွေးဝမ်းကျောင်းပညာရေး (Vocational Training) သင်တန်းများကိုလည်း စီစဉ်လျက်ရှိနေကြောင်း သိရသည်။

Most Read

Most Recent