တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) တို့အား ပြည်ထောင်စုလွှတ်တော် အတည်ပြု

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) တို့အား ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 1 March 2018

နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)တို့အား ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတထံက ပေးပို့ထားသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးခြင်းကိစ္စနှင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) ကိစ္စတို့အား ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအဖွဲ့ဝင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရှင်းလင်းတင်ပြကာ လွှတ်တော်၏အတည်ပြုချက် ရယူခဲ့သည်။

“၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကစတင်ပြီး အကျိုးသက်ရောက်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ရဲ့ အပိုဒ် ၂၆ မှာ ဒီသဘောတူစာချုပ်အား ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနဲ့အညီ တင်သွင်းပြီး အတည်ပြုချက်ရရှိရေးအတွက် ဆောင်ရွက်သွားရန် သဘောတူသည်ဟု ဖော်ပြပါရှိတဲ့အတွက် သဘောတူစာချုပ်မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ထပ်မံပါဝင်လက်မှတ်ရေးထိုးခြင်းကို ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ရယူရန် လိုအပ်ပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့တို့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး အဆိုပါသဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အတည်ပြုခဲ့သည်။

ထိုသို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ထပ်မံပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့မှ ခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပ အသိသက်သေများက လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ (KNU/KNLA) (PC)၊ DKBA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စုစုပေါင်း ၁၀ ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးထားသည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIO/ KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) တို့သည် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း -၁ ကိုလည်း အတည်ပြုရန် ပြည်ထောင်စုလွှတ်တော်က သဘောတူညီခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အပိုဒ် ၂၀ ၊ အပိုဒ်ခွဲ (စ)၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်အခန်း (၈) အပိုဒ် ၂၈ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ လုပ်ငန်းလမ်းညွှန် အပိုဒ် ၃၊ ပုဒ်မခွဲ (ဈ)တွေအရ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများကိုလည်းကောင်း၊ ပြည်ထောင်စုသဘောတူစာချုပ် တစ်ရပ်လုံးကိုလည်းကောင်း အနီးဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းရမည်ဟု ဖော်ပြထားသည့်အတွက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၁ ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားတင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့ပြီး နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူညီချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍမူဝါဒ သဘောတူညီချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍမူဝါဒ သဘောတူညီချက်လေးချက်နှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒ ၁၀ ချက် စုစုပေါင်းသဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုသဘာတူစာချုပ် အစိတ်အပိုင်း -၁ အဖြစ် အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များက ၂၀၁၇ ခုနှစ် မေ ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent