ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သက်တမ်း တိုးမြှင့်ခြင်းအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သက်တမ်း တိုးမြှင့်ခြင်းအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်
Published 1 March 2018

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သက်တမ်း တိုးမြှင့်ခြင်းအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ဖေဖော်ဝါရီ ၂၈ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်ခဲ့သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွင်ရှိသည့် ဥပဒေကြမ်းကော်မတီများ၊ ပြည်ထောင်စုလွှတ်တော်တွင်ရှိသည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏လုပ်ငန်းများနှင့် ကော်မရှင်၏လုပ်ငန်းများ ရောထွေးနေသည်ဟု မြင်သောကြောင့်ကော်မရှင် သက်တမ်းတိုးခြင်းအား ကန့်ကွက်ခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မတွေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာရှိတဲ့ ဥပဒေကြမ်းကော်မတီတွေ၊ ဥပဒေကြမ်းတွေ တင်သွင်းခွင့်ရှိတဲ့အဖွဲ့တွေကပဲ ဒီလွှတ်တော်မှာ လုပ်နေတာပေါ့။ အဲဒီမှာ ဘာသွားတွေ့ရလဲဆိုတော့ ဒီကော်မရှင်အနေနဲ့လုပ်တဲ့အခါမှာ ဥပဒေကြမ်းတွေကိုပဲ များသောအားဖြင့် ရေးဆွဲနေတယ်။ ပြင်ဆင်နေတယ်။ ပြဋ္ဌာန်းနေတယ်။ အဲဒါကိုပဲ တင်သွင်းနေတယ်ဆိုတာကို သွားတွေ့ရပါတယ်။ တွေ့ရတဲ့အခါကျတော့ ဘာဖြစ်လည်းဆို ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်မှာရှိတဲ့ ဥပဒေကြမ်းကော်မတီရယ် ပြည်ထောင်စုလွှတ်တော်တွေမှာရှိတဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီတွေရယ် လုပ်တဲ့ဟာတွေမှာ ရောထွေးနေတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ လက်ရှိဒီနေ့သက်တမ်းတိုးတာကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်” ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်ကို တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ် မတ် ၁ ရက်မှ နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူခဲ့ခြင်းဖြစ်သည်။

ထိုသို့ သဘောတူညီချက်ရယူရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်ကြောင်း ပြောကြားခဲ့သောကြောင့် စက်ခလုတ်အသုံးပြုပြီး ဆန္ဒမဲပေးသည့်နည်းဖြင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့ရာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ သက်တမ်းတစ်နှစ် တိုးမြှင့်ခြင်းကို ထောက်ခံမဲများသည့်အတွက် ပြည်ထောင်စုလွှတ်တော် နာယကက အတည်ပြုကြောင်း ကြေညာခဲ့သည်။

Most Read

Most Recent