အာဆီယံ-သြစတြေးလျ နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

အာဆီယံ-သြစတြေးလျ နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ
Published 1 March 2018

ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော အာဆီယံ-သြစတြေးလျ နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စအား ပြည်ထဲရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော အာဆီယံ-သြစတြေးလျ နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက နေပြည်တော်၌ ဖေဖော်ဝါရီ ၂၈ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

အာဆီယံ-သြစတြေးလျ နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာအား ၂၀၁၈ ခုနှစ် မတ် ၁၇ ရက်မှ ၁၈ ရက်အထိ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးနိုင်ရန် မြန်မာနိုင်ငံကို သြစတြေးလျနိုင်ငံက အဆိုပြုလာခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

အဆိုပါနားလည်မှုစာချွန်လွှာကို ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အာဆီယံ-သြစတြေးလျတို့အကြား နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကြေညာချက်ကို အထောက်အကူပြုစေရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲတစ်ရပ်ကို နှစ်စဉ်ကျင်းပနိုင်ရေး အကောင်အထည်ဖော်နိုင်ရန်၊ နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ သတင်းအချက်အလက်များ ဖလှယ်ရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအား သြစတြေးလျက နည်းပညာအကူအညီများပေးအပ်ရန်၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုအား ပူးပေါင်းတိုက်ဖျက်ရန်နှင့် အာဆီယံနှင့် သြစတြေးလျ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား ဒေသတွင်းဆွေးနွေးပွဲများနှင့် ဖိုရမ်များကျင်းပရန် ရည်ရွယ်ချက်ဖြင့် လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ် ဇွန် ၄ ရက်တွင်လည်းကောင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်းနည်းဥပဒေများကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့်အပြင် အာဆီယံအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းအား ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင်လည်းကောင်း အပြည်ပြည်ဆိုင်ရာအကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းများနှင့် ဆေးဝါးများ တရားမဝင် ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်းအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင်လည်းကောင်း၊ အကြမ်းဖက်မှုနှင့် သက်ဆိုင်သော ကုလသမဂ္ဂကွန်ဗင်းရှင်း ၁၉ ခုအနက် ၁၃ ခု ကိုလည်းကောင်း အတည်ပြုဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အာဆီယံ-သြစတြေးလျ နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စအား ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားသည်။

Most Read

Most Recent