လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားညီနောင် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး NCA စာချုပ်အား အမြန်ဆုံး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ကာ တိုင်းပြည် ငြိမ်းချမ်းသာယာဝပြော တိုးတက်ရေးအတွက် ပါဝင်လက်တွဲရန် UPDJC ဒုတိယဥက္ကဋ္ဌများ တိုက်တွန်း

လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားညီနောင် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး NCA စာချုပ်အား အမြန်ဆုံး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ကာ တိုင်းပြည် ငြိမ်းချမ်းသာယာဝပြော တိုးတက်ရေးအတွက် ပါဝင်လက်တွဲရန် UPDJC ဒုတိယဥက္ကဋ္ဌများ တိုက်တွန်း
Published 28 February 2018

ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်ရှိ (NRPC) တွင် ပြုလုပ်သည့် ၁၄ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်

လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားညီနောင် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး NCA စာချုပ်အား အမြန်ဆုံးလက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင်ပါဝင်ကာ တိုင်းပြည်ငြိမ်းချမ်း သာယာဝပြော တိုးတက်ရေးအတွက် ပါဝင်လက်တွဲရန် UPDJC ဒုတိယဥက္ကဋ္ဌများက တိုက်တွန်းခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် ၁၄ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် အဆိုပါ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌများက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အားလုံးသိကြတဲ့အတိုင်း NMSP နှင့် LDU တို့ ပါဝင်လက်မှတ် ရေးထိုးခဲ့ခြင်းကို ဝမ်းသာပါတယ်။ တစ်ဆက်တည်းမှာပဲ NCA မှာ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း လက်မှတ်ရေးထိုးနိုင်ဖို့ ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်လှစ် ထားပါတယ်။ ဖွင့်လှစ်ထား ကြောင်းလည်း ဒီနေရာက ပြောကြားလိုပါတယ်။ NCA လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်လာဖို့ UPDJC အဖွဲ့ဝင်များကလည်း တစ်ဖက်တစ်လမ်းမှ အတတ်နိုင်ဆုံး ကူညီပံ့ပိုး ဆောင်ရွက်ပေးကြပါလို့လည်း တိုက်တွန်းပြောကြား လိုပါတယ်” ဟု UPDJC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

UPDJC အဖွဲ့ဝင်များအနေဖြင့် ယုံယုံကြည်ကြည် လက်တွဲပူးပေါင်း ပေးကြရန်နှင့် အချင်းချင်း နားလည်မှု တည်ဆောက်ကာ နိုင်ငံရေး ဆွေးနွေးပွဲများတွင် တစ်ဖက်နှင့်တစ်ဖက် အပေးအယူ အလျှော့အတင်း ပြုလုပ်ပြီး နိုင်ငံရေး သဘောတူညီချက် ရရှိစေမည့် နိုင်ငံရေး အခင်းအကျင်းကို ဖန်တီးပေးကြရန် ဝိုင်းဝန်းဆောင်ရွက် ပေးလိုကြောင်း၊ အကြောင်းအမျိုးမျိုးဖြင့် RCSS/SSA ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိသည့်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံအစည်းအဝေးကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ခြင်း မရှိဘဲ ယနေ့အချိန်အထိ ဆက်လက်ဆွေးနွေး ညှိနှိုင်းအဖြေရှာဆဲ ဖြစ်ကြောင်း၊ ညီလာခံကျင်းပနိုင်ခြင်း မရှိဘဲ ရပ်တန့်နေမှုသည် နိုင်ငံရေးဆွေးနွေးပွဲကို အဓိကတာဝန်ယူသည့် UPDJC နှင့်သက်ဆိုင်နေကြောင်း ဦးကျော်တင့်ဆွေက ပြောကြားသည်။

ဆက်လက်၍ “ကြန့်ကြာနေဦးမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေဟာ မှေးမှန်နေဦးမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အကြားမှာ ဆွေးနွေးမှုတွေ ရပ်ဆိုင်းသွားတာနဲ့အမျှ နားလည်မှုနဲ့ ယုံကြည်မှုတွေ လျော့ပါးသွားစေမယ့် အဖြစ်မျိုးတွေ မဖြစ်ဖို့လည်း အားလုံးက သတိပြုကြရမှာ ဖြစ်ပါတယ်။ သဘောထားတွေ၊ အမြင်တွေ ဘယ်လိုပဲ ကွဲပြားကွဲပြား ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အဆက်မပြတ်လုပ်ဖို့ မကြာခဏ ဆိုသလို တွေ့ဆုံဆွေးနွေးနေကြဖို့ အထူးပဲ အရေးကြီးပါတယ်” ဟု ဦးကျော်တင့်ဆွေက ဆိုသည်။

RCSS/SSA အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် လူထူတွေ့ဆုံပွဲကို နေရာလေးနေရာတွင် ကျင်းပပြီးဖြစ်ရာ လက်ရှိတွင် ငါးနေရာ ကျင်းပရန်အတွက် ပြင်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် ALP အနေဖြင့် လူထုတွေ့ဆုံပွဲ ငါးနေရာ ကျင်းပခဲ့ပြီး ALP ၏သဘောထား အမြင်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး၏ လုပ်ငန်းကော်မတီမှတစ်ဆင့် တင်ပြနိုင်ရန်အတွက် ပြင်ဆင်နေကြောင်း သိရသည်။

အစိုးရသစ် လက်ထက်တွင် NCA လက်မှတ် ရေးထိုးလာသည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပပြီး လူထုတွေ့ဆုံပွဲများ ကျင်းပနိုင်ရန်အတွက် UPDJC အဖွဲ့ဝင်အားလုံးက ယခုကျင်းပသည့် အစည်းအဝေးမှ တိုင်ပင်ဆွေးနွေး ညှိနှိုင်းကာ အဆင်ပြေချောမောစွာ အလုပ်လုပ်နိုင်ရန်အတွက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန်နှင့် လူထူတွေ့ဆုံပွဲများ ကျင်းပရန်အတွက် ပံ့ပိုးကူညီရန် လိုအပ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

“ဒီနေ့ကျင်းပတဲ့ အစည်းအဝေးမှာ အထူးသဖြင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီးတော့ ကျွန်တော်တို့နဲ့ အတူတကွ ပါဝင်လာတဲ့ မွန်နဲ့လားဟူအဖွဲ့တို့ကို အထူးလှိုက်လဲစွာ ကြိုဆိုပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလာတဲ့ အတွက်လည်း အများကြီးပဲ ဝမ်းသာပါတယ်။ ထိုနည်းလည်းကောင်းပဲ လက်မှတ်မထိုးသေးတဲ့ ကျွန်တော်တို့ တိုင်းရင်းသားညီနောင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကလည်းပဲ NCA စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ပြီး ကျွန်တော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းသာယာဝပြော တိုးတက်ဖို့အတွက် ကျွန်တော်တို့နဲ့အတူ ပါဝင်လက်တွဲကြပါ။ ငြိမ်းချမ်းရေးအတွက် လက်တွဲဆောင်ရွက်ကြပါလို့ ကျွန်တော်ဒီကနေ ဖိတ်ခေါ်ကမ်းလှမ်း လိုပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆက်လက် ပြောကြားသည်။

၁၄ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး (UPDJC) အစည်းအဝေးတွင် UPDJC ပြင်ဆင်ဖွဲ့စည်းရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ပြင်ဆင်ရေးကိစ္စ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးကိစ္စ၊ လူထုတွေ့ဆုံပွဲများကိစ္စနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

 

Most Read

Most Recent