၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် အခွန်အကောက် ၂၁ မျိုးမှ ကောက်ခံရန် လျာထားချက် ကျပ် ၂၅၅၃ ဒသမ ၆၈၅ ဘီလျံဖြစ်ပြီး ကျပ် ၃၀၇၈ ဒသမ ၇၉၉ ဘီလျံ ကောက်ခံရရှိကာ အခွန်အကောက် အပြည့်အ၀ ရရှိစေရေးနှင့် အခွန်အခြေချဲ့ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း စီမံ၊ ဘဏ္ဍာဒုတိယဝန်ကြီး ပြောကြား

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် အခွန်အကောက် ၂၁ မျိုးမှ ကောက်ခံရန် လျာထားချက် ကျပ် ၂၅၅၃ ဒသမ ၆၈၅ ဘီလျံဖြစ်ပြီး ကျပ် ၃၀၇၈ ဒသမ ၇၉၉ ဘီလျံ ကောက်ခံရရှိကာ အခွန်အကောက် အပြည့်အ၀ ရရှိစေရေးနှင့် အခွန်အခြေချဲ့ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း စီမံ၊ ဘဏ္ဍာဒုတိယဝန်ကြီး ပြောကြား
Published 27 February 2018

ဖေဖော်ဝါရီ ၂၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် အခွန်အကောက် ၂၁ မျိုးမှ ကောက်ခံရန် လျာထားချက် ကျပ် ၂၅၅၃ ဒသမ ၆၈၅ ဘီလျံဖြစ်ပြီး ကျပ် ၃၀၇၈ ဒသမ ၇၉၉ ဘီလျံ ကောက်ခံရရှိကာ အခွန်အကောက် အပြည့်အ၀ ရရှိစေရေးနှင့် အခွန်အခြေချဲ့ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း စီမံ၊ ဘဏ္ဍာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် စပ်လျဉ်းပြီး ဒုတိယဝန်ကြီးက ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီးက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် အခွန်အကောက်ရငွေ လျာထားချက် မူလခန့်မှန်းခြေ စာရင်းအရ ကျပ် ၆၄၈၁ ဒသမ ၀၀၈ ဘီလျံဖြစ်ပြီး ပထမခြောက်လပတ်တွင် အခွန်အကောက် ၂၁ မျိုးမှ ကောက်ခံရန် လျာထားချက် ကျပ် ၂၅၅၃ ဒသမ ၆၈၅ ဘီလျံဖြစ်ကာ ကောက်ခံရရှိမှု ကျပ် ၃၀၇၈ ဒသမ ၇၉၉ ဘီလျံဖြစ်ကြောင်း၊ ယခင်နှစ် အလားတူ ကာလထက် အမှန်ကောက်ခံရရှိမှုတွင် ကျပ် ၅၃၀ ဒသမ ၃၉၈ ဘီလျံ ပိုမိုကောက်ခံရရှိခဲ့ကြောင်း ပြောကြားသည်။

နိုင်ငံတော် အနေဖြင့် အနာဂတ်ကာ များတွင် နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များကို အခွန်အရပ်ရပ် ကောက်ခံရရှိမှု ရငွေများဖြင့် အဓိကတည်မှီ၍ သုံးစွဲရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးသည် နိမ့်ကျနေဆဲဖြစ်၍ ရသင့်ရထိုက်သည့် အခွန်အကောက်များ အပြည့်အ၀ ကောက်ခံရရှိရေးနှင့် အခွန်အခြေချဲ့ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သို့ရာတွင် အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး၊ သင့်တင့်မျှတပြီး ပြည်သူများ လိုက်နာထမ်းဆောင်နိုင်သော အခွန်နှုန်းထားများ ဖြစ်စေရေး၊ အခွန်ကို လိုလားစွာ ထမ်းဆောင်လာစေရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီသော အခွန်စနစ် ဖြစ်ပေါ်လာစေရေး၊ အခွန်တိမ်းရှောင်မှုများ လျော့နည်းပပျောက်စေရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အခွန်ဝန်ထမ်းများ၏ စိတ်ထားခံယူချက်၊ လုပ်ဆောင်ချက်များ ပြုပြင်ပြောင်းလဲရေး၊ ဆုပေးဒဏ်ပေးစနစ်ကို ထိရောက်စွာကျင့် သုံးဆောင်ရွက်ရေး၊ အခွန်ပညာပေးမှုများ ပိုမိုလုပ်ဆောင်ရေး၊ နိုင်ငံတကာအဆင့်မီ အခွန်စနစ် ဖြစ်ပေါ်လာစေရေး စသည်တို့ ပါဝင်သည့် အခွန်စနစ် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ပြည်ပမှ ကျွမ်းကျင်သူများ၏ အကူအညီကိုရယူကာ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် အခွန်အကောက် ၂၁ မျိုးထံမှ ကောက်ခံရန် လျာထားချက် ကျပ် ၆၄၈၁ ဒသမ ၀၀၈ ဘီလျံဖြစ်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် အခွန်အကောက် ငါးမျိုးထံမှ ကောက်ခံရန် လျာထားချက် ကျပ် ၄၉၁၆ ဒသမ ၇၈၈ ဘီလျံဖြစ်ကြောင်း၊ ဝန်ထမ်းများ မသမာမှု ကင်းရှင်းရေး အတွက် ထိုက်သင့်သော သက်သာချောင်ချိရေးများကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အခွန်ကောက်ခံမှု စနစ်ကိုလည်း ICT နည်းပညာများ အသုံးပြုကောက်ခံနိုင်ရန် စီမံကိန်းရေးဆွဲချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဒုတိယဝန်ကြီးက “နံပါတ်တစ်အချက်က အခွန်အကောက်ရငွေ နိုင်ငံတကာနဲ့ယှဉ်ရင် နည်းပါးနေတယ်။ အခွန်အကောက်ရငွေ တိုးလာစေရန် နည်းလမ်းတစ်ရပ်အဖြစ်နဲ့ အရင်နှစ်တွေတုန်းကလည်း စည်းကြပ်မှုက လွတ်ကင်းနေတာပါ။ အရင်နှစ်တွေတုန်းကလည်း သူ့နည်းသူ့ဟန်နဲ့ လျှော့ချခဲ့တာတွေရှိတယ်။ ဒါပေမဲ့ ဒီမှာကတော့ နောက်ဆုံးအခွင့်အရေး အဖြစ်နဲ့ ဆိုပြီးတော့ နောင်ကိုလည်း ဝင်ငွေခွန်ဥပဒေက ပြင်တော့မှာ ဆိုပြီးတော့ ထည့်သွင်းပြီးတော့ ပြဋ္ဌာန်းရခြင်းဖြစ်တယ်။ နောက်ရည်ရွယ်ချက် တစ်ခုကတော့ တိမ်မြုပ်နေတဲ့ငွေတွေ၊ အပြင်ကို ရောက်နေတဲ့ငွေတွေ၊ ဒီငွေတွေကို စီးပွားရေး နယ်ပယ်ထဲကို စီးဝင်လာပြီးတော့မှ စီးပွားရေးကို မြန်ဆန်သွက်လက်လာအောင် သူ့ထက်ပိုပြီးတော့ အနှစ်သာရပြည့်တဲ့ ရည်ရွယ်ချက်ကတော့ အဲဒီရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်။ အရင်နှစ်ကလည်း လုပ်တာရှိတယ်လေ။ နှစ်စဉ်နှစ်စဉ် ကျွန်တော်တို့ အရင်တုန်းက ဘယ်လောက်အထက်ကို ရာခိုင်နှုန်း ၃၀ ကနေ ၁၅ ရာခိုင်နှုန်း လျှော့တာတို့ လုပ်ခဲ့တော့ ရလဒ်ကတော့ အခွန်ရငွေ တိုးတက်ရရှိလာတာတို့၊ ဘာတို့။ နောက် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ အပိုင်းမှာလည်း တိုးတက်သွားတာတို့၊ ဘာတို့ရှိတာပေါ့။ ငွေမည်းတွေ ဝင်မလာအောင်လည်း ဒီငွေမည်းဥပဒေနဲ့ သက်ဆိုင်ခြင်း မရှိစေရဆိုပြီး အတိအလင်း ပြဋ္ဌာန်းထားတယ်။ ဥပဒေကြမ်း ပူးပေါင်းကော်မတီနဲ့ ညှိနှိုင်းပြီးလို့ရှိရင် ဒီထက်၊ ဒီစာသားတွေထက် ပိုပြီးတော့ပြည့်စုံတဲ့ သတ်မှတ်ချက်တွေ ထည့်သွင်းမယ် ဆိုရင်လည်း ပိုကောင်းသွားမှာပေါ့။ လွှတ်တော်နဲ့က ဆွေးနွေးတုန်းပဲ” ဟု သတင်းထောက်များအား ပြောကြားသည်။

သတင်းထောက်များက အခွန်ကောက်တာ များနေသည်ဆိုပြီး ပြည်သူများက ပြောနေခြင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် မေးမြန်းမှုအား ဒုတိယဝန်ကြီးက “ဘတ်ဂျက်ကို ကြည့်ပါ။ ကြည့်လို့ရှိရင် ပိုငွေပြနေလား၊ လိုငွေပြနေလား။ ဘတ်ဂျက်လိုငွေပြနေတယ်ဆိုတဲ့ သဘောက နိုင်ငံတော်မှာ ရငွေကနည်းပြီး သုံးငွေက များနေတယ်။ သုံးငွေကိုလည်း တစ်ဖက်က လွှတ်တော်က စိစစ်တာတို့၊ လျှော့ချတာတို့ ဆောင်ရွက်ပေမယ့် ဘယ်လောက်လျှော့လျှော့ ရငွေဟာ သုံးငွေကို မကာမိသေးဘူးဆိုတဲ့ အနေအထားမျိုး ရှိပါတယ်” ဟု ဦးမောင်မောင်ဝင်းက ပြောကြားသည်။

လျာထားချက် ကျော်လွန်ကောက်ခံရရှိခဲ့သည့် အခွန်များတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ကောက်ခံသည့် ယစ်မျိုးခွန်၊ တာတမံခွန်၊ လယ်ယာမြေခွန်၊ ဓာတ်သတ္တုခွန်များ၊ နိုင်ငံပိုင်ကဏ္ဍ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဆက်သွယ်ရေး လုပ်ငန်းများ၊ တင်ဒါ၊ လေလံများမှ ပိုမိုကောက်ခံ ရရှိခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent