ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) စည်းမျဉ်းများ ပြန်လည်ပြင်ဆင်ရန် အပါအ၀င် နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက်များ ချမှတ်နိုင်ရေး CSSU အစည်းအဝေး ချင်းမိုင်မြို့၌ ဇူလိုင် ၂၀ ရက်မှစ၍ သုံးရက်ကြာ ကျင်းပမည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေလဆန်းက CSSU တတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ကျင်းပနေစဉ် (Photo:Network Media Group)

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) စည်းမျဉ်းများ ပြန်လည်ပြင်ဆင်ရန် အပါအ၀င် နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက်များ ချမှတ်နိုင်ရေး (CSSU) အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇူလိုင် ၂၀ ရက်မှ စတင်ကာ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အစည်းအဝေးတွင် (CSSU) လက်ရှိ စည်းမျဉ်းအရ အဖွဲ့ဥက္ကဋ္ဌ တာဝန်အား အဖွဲ့ဝင်အဖွဲ့များမှ အလှည့်ကျ ထမ်းဆောင်ရာတွင် တာဝန်သက်တမ်းတိုးမြှင့်ရေးနှင့် အဖွဲ့ဝင်တိုင်း အဖွဲ့ဥက္ကဋ္ဌ တာဝန်ယူရမည်ဆိုသည့် အချက်အရ အချို့အဖွဲ့များမှာ လူဦးရေ အနည်းငယ်ဖြင့် ဖွဲ့စည်းထားသောကြောင့် အဆိုပါ အချက်ကိုလည်း ပြန်လည်ပြင်ဆင် အဆိုပြု ဆောင်ရွက်မည်ဖြစ်ကြောင်း CSSU ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားသည်။

“အခုလောလောဆယ် တစ်နှစ်ပဲပေါ့။ အနည်းဆုံးအားဖြင့်တော့ သဘာပတိ (သို့မ ဟုတ်) ဥက္ကဋ္ဌပေါ့နော် အခုအခေါ်ပေါ့။ အဲဒါကို သက်တမ်းမပြင်တောင်မှပဲ အတွင်းရေးမှူးချုပ်ပေါ့။ တကယ်တမ်း အလုပ်လုပ်တဲ့ အတွင်းရေးမှူးချုပ် အနေနဲ့ တစ်နှစ်သက်တမ်းပဲဆိုရင် သူက သိပ်ပြီး ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်အထိ လုပ်ပိုင်ခွင့် ပေးဖို့အတွက်ကို အဲဒါကို အဆိုပြုသွားဖို့ ရှိတယ်။ One Unit ဆိုတော့ အဖွဲ့ဝင်တိုင်းက အရင်သတ်မှတ်ချက်အရဆိုရင် အဖွဲ့ဝင်တိုင်းက အလှည့်ကျ ဥက္ကဋ္ဌဖြစ်တယ်။ ဥပမာ နိုင်ငံရေးပါတီရှိမယ်။ လက်နက်ကိုင် အဖွဲ့အစည်း ရှိမယ်။ CSO ရှိမယ်။ နောက် အဲဒီထဲမှာမှ တစ်ယောက်၊ နှစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပေါ့။ တချို့ကလည်း တစ်ယောက်တည်းနဲ့ ရပ်တည်နေတာ ရှိတယ်။ အဲဒါကိုလည်း One Unit အဖွဲ့တစ်ခု ဆိုတော့ နည်းနည်းလေး အတိမ်းအစောင်းမခံတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ပြန်ပြင်ဖို့ လိုတာပေါ့” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃၇ ချက်ကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“နောက်တစ်ချက်ကတော့ ကျွန်တော် ထင်တာပေါ့နော်။ လုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ အခေါက်က ခွဲမထွက်ရဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့တွေ သဘောထား အမျိုးမျိုး ပေးကြတာပေါ့ဗျာ။ အဲဒီမှာ သင်ခန်းစာ ယူပြီးတော့မှ နောင်အလားတူ ပြဿနာမျိုး ကြုံလာလို့ရှိရင် CSSU အနေနဲ့ ဘုံသဘောထားရပ်တည်ချက် တိတိကျကျ ချမှတ်ထားဖို့ လိုတယ်။ အဲဒီတော့ နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက် ချမှတ်နိုင်ဖို့အတွက် အခုစပြီးတော့မှ ဆွေးနွေးမယ်ပေါ့” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

CSSU ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNLD)၊ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) တို့ အဓိက ပါဝင်ကာ ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌတာဝန်ကို အက္ခရာအစဉ်လိုက် အလှည့်ကျ တာဝန်ယူဆောင်ရွက်ရာ ပထမဆုံး ဥက္ကဋ္ဌမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဖြစ်သည်။

ထို့အတူ CSSU ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား အာဆီယံဖွဲ့စည်းပုံအတိုင်း အင်္ဂလိပ်အက္ခရာစဉ်ဖြင့် သွားသောကြောင့် ဒုတိယအလှည့်ကျ ဥက္ကဋ္ဌတာဝန်အား ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က တာဝန်ယူရမည် ဖြစ်သော်လည်း တာဝန်ထမ်းဆောင်ရန် အဆင့်သင့် မဖြစ်သောကြောင့် SSJAC က တာဝန်ယူဆောင်ရွက်ခဲ့ပြီး SSJAC အဖွဲ့အား ဦးဆောင်သူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဒုတိယအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူ ထမ်းဆောင်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေ ၄ ရက်မှ ၅ ရက်ထိ ကျင်းပခဲ့သည့် CSSU တတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ တာဝန်အား RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်အား ပြန်လည်ထမ်းဆောင်စေခဲ့ပြီး လာမည့်သက်တမ်း အသစ်ကျမှသာ SNDP ပါတီက တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် CSSU တတိယအကြိမ် နှစ်ပတ်လည် အစည်းအဝေး အပြီးတွင် ကြေညာချက် ထုတ်ပြန်ရာတွင် ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုတစ်ဝန်းလုံး၌ ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်နေသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား အဟန့်အတားဖြစ်စေ၍ အပြန်အလှန် ယုံကြည်မှုနှင့် အမျိုးသားရင်ကြားစေ့ရေး တည်ဆောက်ရန်အတွက် ပစ်ခတ်တိုက်ခိုက်နေမှုများ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်းရင်းသား အချင်းချင်းအကြား အပြန်အလှန် လေးစားယုံကြည်မှု တည်ဆောက်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ အနေဖြင့် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) က ယုံကြည်ကြောင်းလည်း ဖော်ပြခဲ့သည်။